DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းမှုနှင့် စစ်တပ်အကြမ်းဖက်မှုများအကြောင်း မှတ်တမ်းရုပ်ရှင် ၁၀ ကား ဖိလစ်ပိုင်တွင် ပြသ
DVB
·
April 29, 2024
အာဏာသိမ်းမှုနှင့် စစ်တပ်အကြမ်းဖက်မှုများအကြောင်း မှတ်တမ်းရုပ်ရှင် ၁၀ ကား ဖိလစ်ပိုင်တွင် ပြသ
1 / 10
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းနောက်ပိုင်း ပြည်သူတွေ ကြုံနေရတဲ့ ဖိနှိပ်မှု၊ ပြည်တွင်းစစ်အကြောင်းတွေ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားတွေကို ဖိလစ်ပိုင်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ဘွဲ့ဒီဂရီပေးအပ်တဲ့ ရုပ်ရှင်ကျောင်းတကျောင်း University of the Philippines Film Institute (UPFI) ကနေ  မတ် ၁၂ ကနေ ဧပြီ ၂၉ ရက်အထိ ပြသနေပါတယ်။

ဒီရုပ်ရှင်ပြပွဲအတွင်းမှာ မြန်မာဇာတ်လမ်းတိုပေါင်းချုပ် ရုပ်ရှင် (Omnibus Film) ၂ ကားနဲ့ ဇာတ်လမ်းတို ရုပ်ရှင် ၈ ကားကို ရွေးချယ် ပြသခဲ့ပါတယ်။ အခုလို ပြသဖို့ အဓိက အချက် ၃ ချက်နဲ့ ရွေးချယ်ခဲ့တာလို့ ပွဲကျင်းပသူ၊ UPFI ရဲ့ တွဲဖက် ပါမောက္ခ ပက်ထရစ်က ပြောပါတယ်။

“အာဏာသိမ်းမှု၊ စစ်အစိုးရနဲ့ ပြည်တွင်းစစ်အပေါ်တုံ့ပြန်တဲ့ မြန်မာရုပ်ရှင်ဖန်တီးသူတွေရဲ့ အတွေ့အကြုံအတိုင်း မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာကို ဖိလစ်ပိုင်ပရိသတ်ကို ပြချင်တာပါ။ ဖိလစ်ပိုင်ပြည်သူတွေအနေနဲ့ ကိုယ့်နိုင်ငံက စစ်အာဏာရှင်သမိုင်းကိုလည်း နားလည်စေချင်တာပါ။ ကျနော်တို့ ဘယ်လိုဖြတ်သန်းခဲ့ရသလဲ၊ ဒီလိုခက်ခက်ခဲခဲရထားတဲ့ ဒီမိုကရေစီကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ မြန်မာရုပ်ရှင်တွေကို ကြည့်ရင်းရတဲ့ အတွေ့အကြုံကနေ နားလည်ခံစားစေချင်လို့ပါ။ ဒီနည်းနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ မြန်မာနဲ့ ဖိလစ်ပိုင်ပြည်သူတွေအကြား သွေးစည်းညီညွတ်တယ်ဆိုတဲ့ ခံစားမှုတရပ်ကို ဖန်တီးချင်တာပါ။”

မြန်မာနိုင်ငံက တော်လှန်ရေး ရုပ်ရှင်တွေရဲ့ မျှော်မှန်းချက်နဲ့ သိမ်မွေ့တဲ့ အပြောင်းအလဲကို ခြေရာခံချင်တာနဲ့ ဒီကနေ့ မြန်မာ့နိုင်ငံရေး ရုပ်ရှင်ဟာ အာရှဒေသတခုလုံး နားလည်သင်ယူဖို့ အရေးပါနေတာကြောင့်လို့ ပက်ထရစ်က ဆိုပါတယ်။

အခုလို မြန်မာ မှတ်တမ်း ရုပ်ရှင်ကားတွေကို ဖိလစ်ပိုင်နိုင်ငံမှာ ဆက်လက်ပြသဖို့ ရှိနေပြီး၊ လက်ရှိအချိန်ထိ ပထမအကြိမ် ပြသမှုအပြီး ဆွေးနွေးပွဲမှာ လူ ၃၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရှင်တွေကို ကြည့်ရှုပြီးနောက် ဖိလစ်ပိုင်ပြည်သူအများစုက ငိုတဲ့သူတွေ ရှိသလို မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအတွက် ဒေါသနဲ့ ကြေကွဲမှုကို ဖော်ပြခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ ဘေရန် မကြောက်ဘဲ လုပ်ဆောင်ခဲ့ကြတဲ့ ရိုက်ကူးသူတွေကို လေးစားတယ်လို့ ဆိုပါတယ်။

ပရော်ဖက်ဆာ ပက်ထရစ်က“မြန်မာနိုင်ငံမှာ တခုခုဖြစ်နေတယ်ဆိုတာ သူတို့ သတိထားမိတယ်ပေါ့။ ဒါပေမဲ့ ရုပ်ရှင်တွေ ကြည့်လိုက်မှပဲ စစ်တပ်ရဲ့ ဖိနှိပ်မှု၊ ရက်စက် ယုတ်မာမှု ဘယ်လောက်ဆိုးသလဲဆိုတာ မျက်ဝါးထင်ထင် မြင်ခွင့်ရကြတယ်လေ။ ပြည်သူတွေ ဘယ်လိုဖြတ်သန်းနေရတယ်ဆိုတာ ခံစားမိကြတယ်” လို့ ပြောပါတယ်။

ရုပ်ရှင်ပွဲကို ကြည့်ရှုခဲ့သူ ဖိလစ်ပိုင်နိုင်ငံသားတယောက်ကတော့ “ဒီရုပ်ရှင်မှာ မြန်မာနိုင်ငံသားတွေရဲ့ ရုန်းကန်၊ တော်လှန်မှုတွေကို ဖော်ပြနိုင်စွမ်းရှိတဲ့အတွက် သဘောကျပါတယ်။ ဒီရုပ်ရှင်နဲ့ ပြန်လှန် ပြောဆိုတာတွေက လွတ်လပ်မှု၊ သိနားလည်မှု၊ အပြောင်းအလဲအတွက် ဆန္ဒ၊ အထူးသဖြင့် သူတို့တိုင်းပြည်ထဲမှာ ဘာဖြစ်နေသလဲ ဆိုတာကို ဖော်ပြနိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ကြည့်ရှုသူ နောက်တယောက်ကလည်း “Myanmar Diaries ဇာတ်ကားဟာ လုံးဝ ပကတိအတိုင်း ပွင့်လင်း မြင်သာစွာနဲ့ အာဏာသိမ်းမှုရဲ့ ဆိုးရွားလှတဲ့ အရှိတရားကို ဖော်ပြပြီး ကြည့်ရှုသူတွေကို စိန်ခေါ်နိုင်စွမ်း ရှိပါတယ်။ ကြည့်ရှုသူတယောက်အနေနဲ့ မီဒီယာရဲ့ စွမ်းအားနဲ့ ပြည်သူတွေရဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေကို ဖော်ပြတဲ့ ရဲရင့်တဲ့ ရိုက်ကူးမှုကြောင့် ဉာဏ်အလင်းပွင့်ရပါတယ်”လို့ မှတ်ချက်ပေးပါတယ်။

ဒီရုပ်ရှင်ပွဲတော်မှာ စစ်အာဏာသိမ်းပြီးနောက် ရိုက်ကူးခဲ့တဲ့ “Myanmar Diaries”, “Broken Dreams: Stories from the Myanmar Coup”, “Letter to San Zaw Htway”, “February 1st”, “From the Streets of Myanmar”, “Seeking Wombs of Rebirths”, “Page Number 23: Yangon” , “The Watchdog”, “XYZ and then A” နဲ့ “Immortal Rose” စတဲ့ မှတ်တမ်းရုပ်ရှင် ၁၀ ကား ပြသခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013