DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ် တောဟိန်းတောင် ဗျူဟာကို အေအေ သိမ်းပိုက်
DVB
·
April 27, 2024
အမ်းမြို့နယ် တောဟိန်းတောင် ဗျူဟာကို အေအေ သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာနားမှာရှိတဲ့ တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(အေအေ)က ဒီနေ့ ဧပြီ ၂၇ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ကိုလည်း တိုက်ခိုက်နေတယ်လို့ အမ်းမြို့ခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅)လက်အောက်ခံ တောဟိန်းတောင် ဗျူဟာကုန်းကို ဒီနေ့ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ဧပြီ ၂၆ ရက်နေ့ကလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ အဆက်မတိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမ်းဒေသခံတယောက်က ပြောပါတယ်။

“တောဟိန်းတောင် ဗျူဟာကုန်းကတော့ အေအေ သိမ်းပိုက်လိုက်ပြီဖြစ်တယ်။ စစ်ကောင်စီက လေကြောင်းက အပြင်းအထန်ခုခံနေတဲ့ကြားက သိမ်းလိုက်တာဖြစ်တယ်။ မနေ့ညကလည်း နပခနဲ့ အမြောက်တပ်တွေကို အေအေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်။ စစ်ကောင်စီဘက်က အထိအခိုက်တွေတော့ရှိနိုင်တယ်။ မနေ့ညကဆိုရင် အမြောက်တပ်ထဲမှာ မီးလောင်နေတာတွေကို တွေ့ရတယ်” လို့ပြောပါတယ်။

အခုသိမ်းပိုက်ရှိတဲ့ တောဟိန်းတောင်ဗျူဟာကုန်းဟာ အမ်းအခြေစိုက် နပခ ကို ဗျူဟာအရ ကာပေးထားတဲ့ တပ်စခန်းတခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်အထိ တပ်စွဲထားတဲ့ ဗျူဟာစခန်းကြီးတခုဖြစ်တယ်လို့သိရပါတယ်။

တောဟိန်တောင်ဗျူဟာကုန်းကျသွားပြီး နပခကိုလည်း တိုက်ခိုက်နေတာကြောင့် ဧပြီလကုန်ရင် အမ်းမြို့ကို သိမ်းပိုက်နိုင်တဲ့အ​ထိတောင် ဖြစ်လာနိုင်တယ်လို့ အမ်းမြို့ခံ နောက်တယောက်က ပြောပါတယ်။

“အမ်းမြို့နယ် တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ နပခလည်း တိုက်ခိုက်ခံနေရတယ်။ တောဟိန်းတောဗျူဟာလည်း ကျသွားတော့ နပခကို ကူစရာလည်း မရှိတော့ဘူး။ အခု နပခလည်း တိုက်ခိုက်ခံနေရတာဖြစ်တယ်။ ဒီလကုန်ရင်တော့ အမ်းမြို့ကိုသိမ်းပိုက်နိုင်တဲ့အထိ ဖြစ်လာနိုင်တယ်” လို့ပြောပါတယ်။

တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်က မတ် ၂၇ ရက်နေ့မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမ်းမြို့နယ်အတွင်းမှာ မတ် ၂၄ ရက်နေ့ကတည်းက စတင် တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အမ်း၊ သံတွဲ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်နေပြီးတော့ ဘူးသီးတောင်မှာ ပိုပြီးပြင်းထန်နေတယ်လို့ ဧပြီ ၂၆ ရက်နေ့မှာ အေအေက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း တိုက်ပွဲကာလ ၅ လကျော်အကြာမှာ အာရက္ခတပ်တော်က မြို့နယ် ၉ ခုအထိ သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013