DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ရာသီဥတုပြောင်းလဲမှုနှင့် ဘယ်လ်ဂျီယံရိုးရာ မြင်းစီးငါးဖမ်းသမားများ
DVB
·
April 26, 2024
ရာသီဥတုပြောင်းလဲမှုနှင့် ဘယ်လ်ဂျီယံရိုးရာ မြင်းစီးငါးဖမ်းသမားများ
Donate to DVB

ဘယ်လ်ဂျီယံရိုးရာ မြင်းစီး ငါးဖမ်းသမားတွေဟာ ရာသီဥတုပြောင်းလဲနေမှုကို  သူတို့ရဲ့ ပိုက်ကွန်တွေထဲမှာ အထင်းသားတွေ့မြင်ကြရပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ အနောက်ဘက်စွန်းကမ်းရိုးတန်းက အေးချမ်းတဲ့ ရာသီရက်မှာ ပုစွန်ဖမ်းသမား ဂန်သာဗန်ဗလူးဟာ သူ့ရဲ့မြင်းကို သဲသောင်ပြင်ကနေ ဆင်းပြီး ရေတိမ်ပိုင်းနေရာကို စီးသွားခဲ့ပါတယ်။

ဗန်ဗလူးရဲ့ တောက်ပတဲ့ အဝါရောင် မိုးကာအင်္ကျီဟာ ရေလှိုင်းတံပိုးတွေနဲ့ ဆန့်ကျင်ဘက် ပေါ်လွင်နေပြီး သူ့ရဲ့မြင်းက သဲသောင်ပြင်တလျှောက် ဆွဲယူသွားတဲ့ သံကြိုးရဲ့ တုန်ခါမှုကြောင့် ပုစွန်တွေက ပိုက်ကွန်ထဲကို ခုန်ဆင်းစေပါတယ်။

ဂန်သာဗန်ဗလူးက “အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်တို့မှာ မြင်းတွေနဲ့ ပုစွန်ဖမ်းကြသလို ဒိန်းမတ်မှာလည်း အဲဒီနည်းနဲ့ ပုစွန်ဖမ်းခဲ့တယ်လို့တောင် ထင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဘယ်လ်ဂျီယံဟာ တကမ္ဘာလုံးမှာ မြင်းစီးပြီး ပုစွန်ဖမ်းနေတဲ့ နောက်ဆုံးကျန်ရှိတဲ့နိုင်ငံ ဖြစ်နေပါပြီ။ ဒါကြောင့် ဂုဏ်ယူမိပါတယ်“ လို့ ပြောပါတယ်။

အွတ်စ်ဒွိုင်ကာကီ ကမ်းရိုးတန်းကျေးရွာဟာ ကမ္ဘာပေါ်မှာ တခုတည်းသာ ကျန်ရှိတော့တဲ့ မြင်းနဲ့ ပုစွန်ဖမ်းတဲ့နေရာဖြစ်ပြီး ယူနက်စကိုအဖွဲ့ကြီးက အသိအမှတ်ပြုထားတဲ့ စီးပွားဖြစ်လုပ်ငန်း မဟုတ်ဘဲ ရာစုနှစ်များစွာ သက်တမ်းရှိလာတဲ့ အစဉ်အလာနည်းအတိုင်း ပုစွန်ဖမ်းတဲ့နေရာ ဖြစ်ပါတယ်။

ကမ်းရိုးတန်းမှာ နေထိုင်ကြတဲ့ တံငါသည် ယောကျ်ား မိန်းမတွေဟာ မြောက်ပင်လယ်ရဲ့ ဂေဟစနစ်ကို ပြောင်းလဲစေတဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုယ်တိုင်တွေ့ကြုံနေရသူတွေ ဖြစ်ပါတယ်။

“အကြီးမားဆုံး ကွာခြားချက်ကတော့ အရင်ကထက်စာရင် ပုစွန်ရတာ တအားနည်းလာတာပါ။ ဒါပေမဲ့ ဒီနေရာမှာ အရင်က မမြင်တွေ့နိုင်တဲ့ ဝီဗာငါးလေးတွေနဲ့ ပင်လယ်သတ္တဝါ မျိုးစိတ်တွေကို ဖမ်းဆီးရပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာက ရေတွေ ပူလာတာကြောင့် မြင်လာရတာ ဖြစ်ပါတယ်။ ဒါက နှစ်ပေါင်းများစွာအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတချို့ပါ“ လို့ ပုစွန်ဖမ်းသမား ဂန်သာဗန်ဗလူးက ပြောပါတယ်။

ဝီဗာငါးတွေဟာ သေးငယ်ပြီး သဲထဲမှာ မျက်လုံးဖော်ရုံ ဖော်ပြီး နေကြတဲ့ သဘာဝရှိတဲ့ အဆိပ်ရှိငါးမျိုး ဖြစ်ပါတယ်။

သမုဒ္ဒရာတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက လူသားတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အပူချိန် ၉၀ ရာခိုင်နှုန်းကို စုပ်ယူနိုင်ခဲ့တယ်လို့ အမျိုးသားအာကာသနဲ့ သိပ္ပံအေဂျင်စီ-နာဆာက ဆိုပါတယ်။ ၁၉၉၁ ခုနှစ်ကစပြီး မြောက်ပင်လယ် ရေမျက်နှာပြင် အပူချိန်ဟာ ဆယ်စုနှစ်တခု ကို ၀ ဒသမ ၃ ဒီဂရီစင်တီဂရိတ် မြင့်တက်လာခဲ့ပါတယ်။

အဏ္ဏဝါဂေဟဗေဒ သုတေသနပညာရှင် အီလိယက်စ်ဆမ်မိုရီက “ကျနော်ကတော့ ဒါကို တော်တော်လေး စိုးရိမ်စရာလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှုန်းအတိုင်းနဲ့သာဆိုရင် ပင်လယ်ရေသတ္တဝါမျိုးစိတ် တော်တော်များများက အစာကွင်းဆက် ပြဿနာကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်ပြီး နေရာရွှေ့ပြောင်းလို့ပဲဖြစ်ဖြစ် မျိုးသုဉ်းသွားနိုင်တာကြောင့်ပါ“ လို့ ပြောပါတယ်။

ပင်လယ်ရေအပူချိန် မြင့်တက်လာမှုက အနည်းငယ်သာ ကျန်ရှိတော့တဲ့ မြင်းစီးပုစွန်ဖမ်းသမား အသိုင်းအဝိုင်းငယ်အတွက် အစဉ်အလာ ရာသီချိန်မှာ ပုစွန်ဖမ်းဖို့ အနှောင့်အယှက် ဖြစ်စေခဲ့တာပါ။

ပုစွန်ဖမ်းသမား ဂန်သာဗန်ဗလူးက “ပုစွန်ဖမ်းဖို့ အကောင်းဆုံးအချိန်က စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ရေခဲစပြုတဲ့အချိန်ပါ။ အခုတွေ့နေရတာက အခုရာသီကုန်ပိုင်းဟာ အဖမ်းအဆီး အကောင်းဆုံးလို့ ကျနော်ထင်ပါတယ်။ ဒါကလည်း ရာသီဉတုပြောင်းလဲမှုနဲ့ ဆက်စပ်နေမယ် ထင်ပါတယ်။ ရာသီဉတုနဲ့ အပူချိန်က ပူနွေးလာနေပါတယ်“ လို့ ပြောပါတယ်။

အပူလှိုင်းကျရောက်တာမျိုးလို ရေတို သဘာဝပြောင်းလဲမှုတွေကြောင့် ပုစွန်ကောင်ရေ အတိုးအလျော့ ရှိပေမဲ့လည်း ဘယ်လ်ဂျီယံရဲ့ ပင်လယ်ရေပြင် ပူနွေးလာမှုကြောင့် တောင်ဘက်ပင်လယ်မှာ အတွေ့ရများတဲ့ ဝီဗာငါးနဲ့ ပြည်ကြီးငါးတွေဟာ မြောက်ဘက်ပင်လယ်မှာ ပိုများလာတယ်လို့ ငါးဖမ်းသမားတွေနဲ့ သိပ္ပံပညာရှင်တွေက ပြောဆိုကြပါတယ်။

အဏ္ဏဝါဂေဟဗေဒ သုတေသနပညာရှင် အီလိယက်စ်ဆမ်မိုရီက “မြောက်ပင်လယ်မှာ တချို့ငါးမျိုးစိတ်တွေ ပေါပေါများများ တွေ့လာရတာတော့ ရှိပါတယ်။ ဥပမာ ဝီဗာငါးတွေ၊ ပြည်ကြီးငါးနဲ့ ကင်းမွန်တွေ ဖြစ်ပါတယ်။ ရေအပူချိန်တက်လာတော့ ဒီလိုမျိုးစိတ်တွေကို ပိုပြီး မြင်လာရတာပါ။ ပုစွန်တွေကို အတွေ့ရနည်းလာပြီး ငါးကြီးဆီထုတ်တဲ့ ငါးတွေကို အတွေ့ရများလာပါတယ်။ ဒါက ရေအပူချိန်ကြောင့် သူတို့ရဲ့ အစာကွင်းဆက်တွေ အပြောင်းအလဲဖြစ်ပြီး အစာရှိရာကို ရွှေ့ပြောင်းသွားလာကြတာကြောင့် ဖြစ်ပါတယ်“ လို့ ပြောပါတယ်။

တခြားသော ရေသတ္တဝါမျိုးစိတ်တွေကတော့ အခြေအနေ ပိုဆိုးနေပါတယ်။ ပင်လယ်ရေ အပူချိန် မြင့်တက်လာခြင်းနဲ့ ငါးအလွန်အကျွံ ဖမ်းဆီးတာတွေကြောင့် ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက စပြီး မြောက်ပင်လယ်မှာ ငါးကြီးဆီထုတ်တဲ့ ငါးကောင်ရေ ကျဆင်းလာတယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြကြပါတယ်။

Source/ Photo- Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013