
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ စက်တင်ဘာ ၁၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတွေကြောင့် မြို့တွင်း အနိမ့်ပိုင်းရပ်ကွက်နဲ့ လမ်းပိုင်းတချို့ ရေနစ်မြုပ်မှု ဖြစ် ပွားခဲ့ပါတယ်။
မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ လေးကျွန်းမြေရပ်၊ တကောင်းရပ်၊ နန္ဒ၀န်၊ မင်းလမ်းနဲ့ ၉ ပေ တံတား အောက်ပိုင်းတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့ခံ ကိုနေအိမ် ခန့်က ပြောပါတယ်။
နံနက် ၅ နာရီလောက်ကနေ ၁၀ နာရီကျော်အထိ မိုးသည်းထန်စွာရွာခဲ့တဲ့အတွက် အခုလို ရေကြီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အစိုးရတာဝန်ရှိသူတွေက ရေ၀င်ရပ်ကွက်တွေမှာ ရေတွေ စုပ်ထုတ်နေတယ်လို့လည်း သူက ပြောပါတယ်။
ရေကြီးမှုကြောင့် ၉ ပေ တံတားအောက်မှာ ရေက ရင်ဝလောက်အထိ ရှိခဲ့တဲ့အတွက် ကားအသွားအလာတွေ ရပ်ဆိုင်းခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဒါအပြင် စစ်ကိုင်းမြို့အပြင်ဘက်ရွာတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့သလို နန်းဦးမြို့သစ်ဘက်က ဘုရားကိုလည်း မိုးကြိုးပစ်လို့ ပျက်စီးမှုတချို့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။











