DVB Logo
Home
မြန်မာသတင်း
မုံရွာ နမခ တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦးအပါအဝင် ၂၀ ကျော် သေဆုံး
DVB
·
April 26, 2024
မုံရွာ နမခ တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦးအပါအဝင် ၂၀ ကျော် သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) တိုက်ခိုက်ခံရလို့ တိုင်းအရာရှိ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ကနီမြို့အခြေစိုက် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဧပြီ ၂၄ ရက် ည ၇ နာရီအချိန်မှာ မုံရွာနမခအတွင်းကို ရော့ကတ်အလုံး ၂၀ ဒရုန်း ၅ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစည်းအဝေးပြုလုပ်နေတဲ့ ဇေယျာသီရိခန်းမမှာ ရော့ကတ်ပေါက်ကွဲခဲ့ပြီး တိုင်းအရာရှိ ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် နမခဝန်းအတွင်းက ဗဟိုကင်း၊ စစ်တိုင်းမှူးအိမ်ရာ၊ အရာရှိရိပ်သာ၊ တပ်ဆေးရုံ၊ ရိက္ခာသိုလှောင်ရုံ၊ စရဖရုံး၊ BE မိုင်းတပ်ဖွဲ့ရိပ်သာဆောင်တို့ ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG-PDF)  တာဝန်ရှိသူတဦးက “တိုက်ခိုက်မှုပြီးတော့ ၇ နာရီခွဲလောက်ကျတော့ သူတို့က ဟောင်ဝစ်ဇာ ၅ လုံးနဲ့ထုတယ်၊ လေကြောင်းကနေလည်း နမခဝန်းကျင်ကို ၈ ကြိမ်လောက်ကင်းပတ်တယ်၊ ညတွင်းချင်းဘဲ နမခ အနောက်ဘက် ဘုတလင်မြို့နယ်ထဲက ရွာ ၃ ရွာကို ချက်ချင်းစစ်​ကြောင်းထိုးပြီး စစ်ဆေးတာတွေ လုပ်တယ်ပေါ့နော်၊ သူတို့ဘက်က ဒဏ်ရာရတဲ့သူလည်း အရမ်းများသွားတော့ ဘုတလင်မြို့နယ်ထဲက ဆေးရုံမှာဆေးကုနေတယ်”လို့ ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးချိန် စစ်ကောင်စီတပ်ဘက်က YAK – 130 အမျိုးအစား တိုက်လေယာဉ်နဲ့ ၁၀ ကြိမ်နီးပါး လှည့်ပတ်ပျံသန်းခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုတလင်မြို့နယ် ထန်းတောရွာက အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာ နမခကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲ့၊ Chindwin Rocket Brothers၊ ချိုမိုင်မိုင် ကနီ၊ ချိုမိုင်မိုင် ယင်းမာပင်၊ မုံရွာခရိုင်ရင်း ၁၃ စတဲ့တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မုံရွာ နမခ တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကေင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို DVB ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ပြီးခဲ့တဲ့ ‌ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ယင်းမာပင်ခရိုင်တပ်ရင်း-၃၇ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ အရာရှိတွေ အပါအ၀င် စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလကစပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ဘေးပတ်ဝန်းကျင်က ဘူးတောင်းကန်၊ ခိုသန်း၊ တဲကြီးကုန်း၊ ဆုံကုန်း၊ ပေကုန်းနဲ့ ကြီးဗဒုံကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့လို့ ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013