
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ သမ္မတရာထူး ရယူလိုက်ရုံနဲ့ သူကျူးလွန်ထားတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအတွက် အရေးယူခံရမဲ့အရေးကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ယူနီဖောင်းချွတ်လိုက်ပေမဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုက ပြောင်းလဲသွားမှာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အနေနဲ့ သူ့ကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ AI က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးကို ICC ဆီကို လွှဲပြောင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် အခုလို ဖိနှိပ်သူက ရာထူးတိုးမြှင့်ခံရတာဟာ အလွန်နာကျင်ရတဲ့ကိစ္စဖြစ်တယ်လို့ AI အဖွဲ့ရဲ့ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ထောက်ခံမှုနဲ့ အနိုင်ရခဲ့တဲ့ NLD ပါတီဆီကနေ အဓမ္မ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်တပ်က ပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကနေ ဖြစ်လာတဲ့ လွှတ်တော်ကနေ ဒီနေ့ ဧပြီ ၃ ရက်နေ့မှာ သမ္မတအဖြစ် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။










