DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းလက်နက် သိုလှောင်စခန်းများကို ရုရှားတိုက်ခိုက်မှု အရှိန်မြှင့်မည်
DVB
·
April 24, 2024
ယူကရိန်းလက်နက် သိုလှောင်စခန်းများကို ရုရှားတိုက်ခိုက်မှု အရှိန်မြှင့်မည်
Donate to DVB

အနောက်နိုင်ငံမှ ထောက်ပံ့ထားတဲ့ လက်နက်တွေကို သိုလှောင်ထားတဲ့ ယူကရိန်းရဲ့ လက်နက် သိုလှောင်စခန်းတွေကို ရုရှားက တိုက်ခိုက်မှုတွေ အရှိန်မြှင့်သွားမယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက ဧပြီ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စုက ကာလကြာရှည် နှောင့်နှေးနေတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီအသစ်တွေကို အမေရိကန်ပြည်ထောင်စုက အတည်ပြုပြီး ပေးအပ်ဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။

ရုရှားဟာ အနောက်တိုင်းလက်နက်တွေ သာလွန်ကောင်းမွန်တယ်ဆိုတဲ့ ဒဏ္ဍာရီကို ချေဖျက်နိုင်ခဲ့ကြောင်းနဲ့ သူ့တပ်ဖွဲ့တွေဟာ တိုက်ပွဲမျက်နှာစာ ကီလိုမီတာ ၁၀၀၀ တလျှောက် အခြေအနေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ရွှိုင်ဂူက ကာကွယ်ရေးအရာရှိတွေကို ပြောကြားပါတယ်။ 

စနေနေ့က အမေရိကန် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် ၀ါရှင်တန်က ယူကရိန်းကို ဒေါ်လာ ၆၁ ဘီလီယံနီးပါး တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအကူအညီ အစီအစဥ်အသစ်နဲ့ ထောက်ပံ့ပေးဖို့ အဆင်သင့်ရှိနေတယ် ဆိုတဲ့အချက်ကို သူက ကိုးကားပြောဆိုခဲ့တာပါ။ 

“အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ ခြိမ်းခြောက်မှု အချိုးအစားအရ၊ ရုရှားဟာ စစ်တပ်ရဲ့ အင်အားနဲ့ ဖွဲ့စည်းပုံကို ဆက်လက်တိုးတက် လုပ်ဆောင်သွားမှာဖြစ်ပြီး နာမည်အကြီးဆုံး လက်နက်နဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်မှုကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ရွှိုင်ဂူက ပြောကြားခဲ့ပါတယ်။ ထောက်ပံ့ပို့ဆောင်ရေး စင်တာတွေနဲ့ အနောက်နိုင်ငံလက်နက်တွေအတွက် သိုလှောင်စခန်းတွေကို တိုက်ခိုက်တာတွေလည်း ပိုပြင်းထန်လာမယ်”လို့ ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးကလည်း ကိယက်ဗ်ဟာ ပက်ကေ့ဂျ်ရဲ့ တစိတ်တပိုင်း အဖြစ် တာဝေးပစ် အတက်ခမ်စ် (ATACMS) ဒုံးကျည်စနစ်တွေကို မကြာမီ လက်ခံရရှိတော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အမေရိကန် တာဝန်ရှိသူတွေက လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် ခဲယမ်းမီးကျောက်တွေနဲ့ ကြားဖြတ်ဟန့်တားကိရိယာတွေ ပါဝင်မှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ရွှိုင်ဂူက ရုရှားတပ်တွေဟာ အခုလအတွင်း ပယ်ရ်ဗာမိုက်စ်ခ်၊ ဘိုဒါးနိဗ်ကာ နဲ့ နိုဗိုမစ်ခေးလ်လိဗ်ကာ ကျေးရွာတွေကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ ပြောဆိုချက်ကို ထပ်ခါတလဲလဲ ပြောကြားခဲ့ပါတယ်။ 

တနင်္လာနေ့မှာတော့ ယူကရိန်းတပ်မှူး တဦးက နိုဗိုမစ်ခေးလ် လိဗ်ကာကျေးရွာ ကျဆုံးသွားတယ် ဆိုတာကို ငြင်းဆိုခဲ့ပြီး သူ့တပ်က ရွာရဲ့ ၁၅-၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားတယ်လို့ ပြောပါတယ်။ 

နိုဗိုမစ်ခေးလ်လိဗ်ကာ ကျေးရွာကို သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ ရုရှား မရိန်းတပ်သားတွေဟာ ဆွီဒင် လက်ပစ်ဗုံးလောင်ချာတွေ၊ အမေရိကန် တင့်ကားဖျက် ဂျက်ဗလင်းန်စ် လက်နက်တွေနဲ့ နေတိုး အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်တွေ အပါအဝင် အနောက်နိုင်ငံလုပ် လက်နက်တွေကို သိမ်းဆည်းရရှိခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013