DVB Logo
Home
မြန်မာသတင်း
ရိခေါဒါမြို့ နယ်စပ်ဂိတ်တံတားကို အိန္ဒိယဘက်က ပိတ်ထားသဖြင့် ကုန်သွယ်မှုရပ်တန့်
DVB
·
April 23, 2024
ရိခေါဒါမြို့ နယ်စပ်ဂိတ်တံတားကို အိန္ဒိယဘက်က ပိတ်ထားသဖြင့် ကုန်သွယ်မှုရပ်တန့်
Donate to DVB

မြန်မာ-အိန္ဒိယနယ်စပ် ရိခေါဒါမြို့နဲ့ ဆက်သွယ်ထားတဲ့ ဂိတ်တံတားကို အိန္ဒိယဘက်က ပိတ်ထားတာကြောင့် ပြည်သူတွေ သွားလာခွင့်နဲ့ ဒေသတွင်းကုန်သွယ်မှုတွေ ရပ်တန့်နေပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ချင်းပြည်နယ်၊ ရိခေါဒါမြို့နဲ့ မီဇိုရမ်ပြည်နယ်တို့အကြား ဆက်သွယ်ထားတဲ့ ဂိတ်တံတားကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကစပြီး အိန္ဒိယနိုင်ငံဘက်က ပိတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အိန္ဒိယဗဟိုအစိုးရရဲ့ ညွှန်ကြားမှုနဲ့ အာသံလုံခြုံရေးတပ်ဖွဲ့တွေက တံတားကို ပိတ်ထားတာဖြစ်ပြီး ပြည်သူတွေ သွားလာခွင့်နဲ့ ဒေသတွင်း ကုန်သွယ်မှုတွေပါ ရပ်တန့်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးမြို့ ရိခေါဒါကို ချင်းတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်တည်းက တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထားတာပါ။

နယ်စပ်ဂိတ်ပိတ်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရက အကြောင်းကြားစာ ပို့ထားတာကို ရထားတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရ ဆလိုင်းထက်နီက DVB ကို ပြောပါတယ်။

လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲကို အကြောင်းပြပြီး နယ်စပ်ဂိတ်ကို ပိတ်ထားတာ ဖြစ်တယ်လို့ သိရကာ ပြန်ဖွင့်မယ့်အခြေအနေတွေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

“အိန္ဒိယအစိုးရဘက်ကနေ ကျနော်တို့ကို အကြောင်းကြားလာပါတယ်။ ခုတလော သူတို့မှာ ရွေးကောက်ပွဲလုပ်နေတဲ့အတွက် ဒီအခိုက်အတန့်မှာ ဒီနယ်စပ်ဂိတ် ရိခေါဒါကို ပိတ်ထားတယ်လို့ အကြောင်းကြားလာပါတယ်။ အဲ့လောက်ထိပဲ ကျနော်တို့ သူတို့ဆီကနေ ရထားတာပေါ့။ သူတို့ ဘယ်ချိန်ပြန်ဖွင့်မလဲ ဆိုတာတွေကတော့ ဆက်ပြီးတော့ ကျနော်တို့ ကြားသိတာ မရှိသေးဘူးပေါ့။”

အိန္ဒိယဟာ မြန်မာနဲ့ မိုင် ၁,၀၀၀ နီးပါး နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်တွေမှာ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ အသုံးပြုပြီး  ခြံစည်းရိုးခတ်ဖို့လည်း ပြင်ဆင်နေပြီး နှစ်နိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာခွင့်ကိုပါ ဖျက်သိမ်းမယ်လို့ ဆိုထားပါတယ်။

လက်ရှိ အာဏာရပါတီဖြစ်တဲ့ BJP ပါတီရဲ့ အိန္ဒိယရွေးကောက်ပွဲအပြီး ရလဒ်တွေအပေါ်မှာ နယ်စပ်ကိစ္စတွေက မူတည်နေတယ်လို့လည်း India for Myanmar အရပ်ဘက်အဖွဲ့က ဆလိုင်းဒိုခါရ်က DVB ကို ပြောပါတယ်။

“အခုလက်ရှိ ရွေးကောက်ပွဲကာလမှာ နယ်စပ်ခြံစည်းရိုးခတ်ဖို့ BJP က သူ့ပြည်သူတွေကို ကတိပေးထားတယ်။ ရွေးကောက်ပွဲမှာ သူနိုင်ရင် အရမ်းကြီး အတင်းအကျပ် မဟုတ်ရင်တောင် ကတိကို အကောင်အထည်ဖော်တဲ့အနေနဲ့ လုပ်မယ်ထင်တယ်။ အခုပိတ်တာက အစမ်း စမ်းသပ်တဲ့ပုံစံလို့ ထင်တယ်။ ပိတ်လို့တော့ ရမှာမဟုတ်ဘူး၊ ပိတ်ရင် တော်လှန်ရေးအင်အားစုတွေနဲ့ အလုပ်လုပ်ရမယ့် အနေအထား ရောက်သွားလိမ့်မယ်။”

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်၊ စစ်ကိုင်းနဲ့ ချင်း ဒေသတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယဟာ တိုက်ပွဲတွေမှာ အရေးနိမ့်လာတဲ့ စစ်ကောင်စီတပ်သားတွေ သူ့နယ်မြေထဲ ထွက်ပြေးတာတွေနဲ့ ကြုံနေရတဲ့အပြင် သောင်းနဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေကို လက်ခံထားရပါတယ်။

မြန်မာမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသား ၆၀,၀၀၀ နီးပါး အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုဟာ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေထိုင်ကြတယ်လို့လည်း အရပ်ဘက်အဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သီဟ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013