DVB Logo
Home
မြန်မာသတင်း
MOU အလုပ်သမားများကို ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့်သာ သွားခွင့်ပြုမည်
DVB
·
April 23, 2024
MOU အလုပ်သမားများကို ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့်သာ သွားခွင့်ပြုမည်
Donate to DVB

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ MOU နဲ့ အလုပ်လုပ်မယ့် အလုပ်သမားတွေကို လာမယ့် ဧပြီလကုန်ပိုင်းကစလို့ လေကြောင်းလိုင်းကနေသာ သွားရောက်ခွင့်ပြုဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့  သိရပါတယ်။

နှစ်နိုင်ငံလက်မှတ်ရေးထိုးထားပြီး တရားဝင်အေဂျင်စီတွေကတဆင့် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မယ့် MOUအလုပ်သမားတွေကို သင်္ကြန်ကာလအပြီးကစလို့ လေကြောင်းလိုင်းနဲ့သာ သွားရောက်ရမယ့်အကြောင်းကို အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့သိရပါတယ်။

ပုံမှန် ထိုင်းနိုင်ငံကို နယ်စပ်ဂိတ်တွေကတဆင့် ကားလမ်းနဲ့ ပို့ဆောင်ခဲ့ပေမဲ့ နောက်ပိုင်း နယ်စပ်တိုက်ပွဲအခြေအနေတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် လေယာဉ်နဲ့သာ သွားခွင့်ရဖို့ တင်ပြတောင်းဆိုထားတာလို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်-MOEAF ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက ပြောပါတယ်။

“သူတို့က လေကြောင်းလိုင်းကပဲ သွားဖို့ ညွှန်ကြားထားတယ်။ လေကြောင်းလိုင်းနဲ့ပဲ ထွက်ဖို့ ကျနော်တို့ MOEAF ဘက်က တောင်းဆိုနေတာ ကြာပြီ၊  ထိုင်းဘက်ကို နယ်စပ်လည်း ဖွင့်ရင်ဖွင့် လေကြောင်းလည်း တချို့လည်း ဖွင့်ပေါ့ ကျနော်တို့ဘက်က တင်ပြတောင်းဆိုတာ ကြာပြီ။ ဒါပေမဲ့ အခုမှ အဆင်ပြေသွားတာပေါ့၊ ပြေတယ်ဆိုတာက မြဝတီလမ်းက ခဏခဏ ပြဿနာပေါင်းစုံတက်နေတာဆိုတော့ ကလေးတွေလည်း တော်တော်ပင်ပန်းတယ်။ အဆင်မပြေဘူး ဖြစ်နေတာ။ အခုမှ နှစ်နိုင်ငံညှိနှိုင်းပြီးတော့ လေကြောင်းလိုင်းကို ဖွင့်ပေးလိုက်တာ၊ ခရီးစရိတ်ကတော့‌တော့ လေယာဉ်နဲ့ဆိုတော့ safe ဖြစ်တာတော့ ဟုတ်တယ်။ ခရီးစရိတ်ကတော့ နည်းနည်း တက်သွားတဲ့သဘောပေါ့ ကုန်ကျစရိတ်ကတော့ ကုန်းလမ်းကြောင်းနဲ့ လေကြောင်းဆိုတော့ လေယာဉ် လမ်းကြောင်းအတွက် ထပ်ကုန်သွားမှာပေါ့။” 

ဧပြီ ၂၉ ရက်က စပြီး MOU တွေအတွက် MAI လေကြောင်းကနေ ပထမဆုံးလေယာဉ် ပြေးဆွဲသွားဖို့ရှိနေပြီး အလုပ်သမား ၂၆၀ ကျော်ကို တရက် ၃ ကြိမ်လွှတ်မှာဖြစ်တယ်လို့ MOEAF ကနေ သိရပါတယ်။

လက်ရှိ ထိုင်းနိုင်ငံကို MOU နဲ့သွားရောက် လုပ်ကိုင်မယ်ဆိုရင် လေယာဉ်လက်မှတ်ခ ၁၄၅ ဒေါ်လာနဲ့ သိန်း ၂၀ ဝန်းကျင် ကုန်ကျမှာဖြစ်တယ်လို့ တရားဝင် MOU ပို့ဆောင်ပေးနေတဲ့ အေဂျင်စီတခုက  ပြောပါတယ်။

“လေယာဉ်နဲ့က အစိုးရက သတ်မှတ်ထားတာက ၁၄၅ ဒေါ်လာ၊ တခြားစရိတ်တွေက ကျနော်တို့အခုထိနားလည်ထားတာက ထိုင်းဘက်ကို ဘတ် ၆၀၀၀ ကျော်နဲ့ မြန်မာဘက်က ဘတ် ၁၆၀၀၀ ၊ ၁၇၀၀၀ နီးပါးလောက်ရှိတာပေါ့။ အဲတာနဲ့ လေယာဉ်လက်မှတ်ခနဲ့ အလုပ်တွေကတော့ အစုံပဲ အရင်တိုင်းပဲ အလုပ်တွေက အပြောင်းအလဲမရှိဘူး၊ transportation ခဏပဲ ပြောင်းသွားတာ။” 

အရင်က နယ်စပ် ကားလမ်းကနေလာရောက်မယ့် MOU အလုပ်သမား တယောက်ကို ကုန်ကျစရိတ် ခန့်မှန်း ကျပ် သိန်း ၅၀ နဲ့ ၆၀ ဝန်းကျင်ခန့် ရှိနေရာကနေ လေကြောင်းပြောင်းလဲလိုက်တဲ့အတွက် ကုန်ကျစရိတ်တွေပိုများလာလိမ့်မယ်လို့ အထည်ချုပ်အလုပ်နဲ့ သွားရောက်လုပ်ကိုင်ရမယ့် အလုပ်သမားတယောက်က ပြောပါတယ်။

“အခေါ်များတာတာကတော့ ပင်လယ်စာစက်ရုံတွေ၊ ဆောက်လုပ်ရေးတွေ။ ရော်ဘာခြံတွေမှာ လုပ်ဖို့ ခေါ်တာ များတယ်။ ထဖို့ စီစဉ်ထားတာကတော့ ဒီစက်တင်ဘာမှထွက်ဖို့စီစဉ်ထားတာ။ အရင်ကတော့ ဒီကသင်တန်းကြေးအပါ အပြီးအစီးကို ကျပ် သိန်း ၆၀လောက်ပဲ ကုန်တယ်။ အခုက လေယာဉ်ခကိုယ့်ဘာသာကိုယ်စိုက်ရမှာ၊ လေကြောင်း ပြောင်းလိုက်တော့ အခက်အခဲကတော့ ပိုက်ဆံပိုကုန်တာပေါ့။ ကားနဲ့ဆိုရင် ကော့သောင်းဘက်မှာဆင်းပြီး ကမ်းကူးလိုက်ရုံပဲ၊ ဒါ‌ပေမဲ့ အခုက အားလုံးလေယာဉ်နဲ့ဖြစ်သွားပြီ၊ ဆိုတော့ လေယာဉ်ခက ၁၄၅ ဒေါ်လာကျမယ်တဲ့၊ နောက် ထိုင်းနဲ့ ဒီဘက်ကို ပေးရမှာနဲ့ပေါ့။”

၂၀၂၃ အောက်တိုဘာလအထိ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို စေလွှတ်ခဲ့တဲ့ တရားဝင် MOU အလုပ်သမား စုစုပေါင်း ၁ ဒသမ ၇  သန်းကျော်ရှိတယ်လို့ စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013