DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီး  ၁ ဦး နိုင်ငံတကာအလုပ်သမားသမဂ္ဂအခွင့်ရေးဆု   ချီးမြှင့်ခံရ 
DVB
·
April 23, 2024
မြန်မာအမျိုးသမီး  ၁ ဦး နိုင်ငံတကာအလုပ်သမားသမဂ္ဂအခွင့်ရေးဆု   ချီးမြှင့်ခံရ 
Donate to DVB

မြန်မာ့အလုပ်သမားအရေးလှုပ်ရှားသူ အမျိုးသမီးတယောက်ဖြစ်တဲ့ မခိုင်ဇာအောင်ကို နော်ဝေအခြေစိုက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တခုက ၂၀၂၄ ခုနှစ်အတွက် Arthur Svensson’s International Prize ဆုရွေးချယ် ချီးမြှင့်လိုက်ပါတယ်။

ဒီဆုကတော့ နော်ဝေနိုင်ငံက ရေနံလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ အလူမီ နီယံနဲ့ သတ္တုလုပ်ငန်း၊ သစ်တောလုပ်ငန်းတွေက အလုပ်သမားတွေအတွက် ဖွဲ့စည်းထားတဲ့  Industri Energi ( IE&FLT) အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကနေ ပေးအပ်ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

ဒီဆုဟာ ကမ္ဘာတဝန်းမှာ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားသမဂ္ဂအခွင့်အရေးတွေကို  မြှင့်တင်ပေးဖို့နဲ့ ခိုင်မာအားကောင်းလာအောင်လုပ်ဆောင်ပေးဖို့   နှစ်စဉ် ရွေးချယ်ချီးမြှင်တာ ဖြစ်ပြီး အခုနှစ်အတွက် ဆုချီးမြှင့်ပွဲကိုတော့ လာမယ့် ဇွန် ၁၂ ရက်မှာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပဖို့ရှိနေပါတယ်။

ဆုရရှိတာနဲ့ ပတ်သက်ပြီးတော့ မခိုင်ဇာအောင်က “ဒီဆုဟာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂတွေနဲ့ ပြည်သူတွေရဲ့ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မဆုတ် မနစ် ရုန်းကန်မှုတွေနဲ့ အနစ်နာခံမှုတွေကို အသိအမှတ်ပြုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ တရားမ၀င်စစ်အစိုးရကို ဖယ်ရှားဖို့အတွက် ပိုမိုလုပ်ဆောင်ရမှာတွေ အများကြီး ရှိပါသေးတယ်။ ကျမအနေနဲ့ စစ်အာဏာရှင်တွေဆီ စီးဆင်းနေတဲ့ ကုန်သွယ်ရေး ဦးစားပေးမှုတွေ၊ လက်နက်နဲ့ ငွေကြေး စီးဆင်းမှုတွေကို ရပ်တန့်ပေးကြဖို့ ဥရောပ သမဂ္ဂ(အီးယူ)၊ နိုင်ငံတကာအစိုးရတွေ၊ အာဆီယံ၊ အလုပ်သမားသမဂ္ဂတွေနဲ့ ဒီမိုကရေစီ မြတ်နိုးသူတွေအားလုံးကို တိုက်တွန်းချင်ပါတယ်" လို့  ပြောတဲ့အကြောင်း ITUC ဝက်ဆိုက်မှာဖော်ပြပါတယ်။Arthur Svensson ဆုကို ပေးအပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အလုပ်သမား သမဂ္ဂတွေနဲ့ အလုပ်သမား သမဂ္ဂအခွင့်အရေးတွေကို နိုင်ငံတကာမှာ မြှင့်တင်နိုင်ဖို့နဲ့ ခိုင်မာအားကောင်းစေဖို့ ရည်ရွယ်ပြီး ဆုငွေပမာဏကတော့ အမေရိကန်ဒေါ်လာ ၄၇၀၀၀ နဲ့ညီမျှတဲ့ နော်‌ဝေ ခရိုနာငွေ ၅ သိန်း ရရှိမှာ ဖြစ်ပါတယ်။

သတ်မှတ်ချက်အနေနဲ့ကတော့ ဆုကြေးငွေ ပမာဏရဲ့ ထက်ဝက်ကို ဆုရရှိသူဆီ တိုက် ရိုက်ပေးအပ်သွားမှာဖြစ်ပြီး ကျန်တဝက်ကိုတော့ ဆုရရှိသူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ သုံးစွဲရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မခိုင်ဇာအောင်ဟာ အသက် ၁၆ နှစ်အရွယ် ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအထည်ချုပ် လုပ်သားအဖြစ် စတင်လုပ်ကိုင်ချိန်ကတည်းက အလုပ်သမားသမဂ္ဂအခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို မဆုတ်မနစ် ကြိုးပမ်းခဲ့တာကြောင့် အသိအမှတ်ပြုတဲ့အနေနဲ့ ခုလိုရွေးချယ်ခံ ရတာဖြစ်ပြီး လက်ရှိမှာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (IWFM) တို့မှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ် ရှားနေပါတယ်။

အလုပ်သမားအရေးဆောင်ရွက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ အထွေထွေအတွင်းရေးမှူး လုက်ထရိုင်အဲန်ဂယ်လ်ကတော့ “ခိုင်ဇာအောင် ဟာ နိုင်ငံတကာ သွေးစည်းညီညွတ်မှုကို စုစည်းရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တွေကို မြန်မာနိုင်ငံက လည်ပတ်နေတာတွေကို ရပ်တန့်ဖို့နဲ့ အီးယူကို စစ်အာဏာရှင်တွေ ထိန်းချုပ်ထားချိန်မှာ ကုန်သွယ်ရေး ဦးစားပေးမှုတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ITUC အနေနဲ့ သူ့ရဲ့ တောင်းဆိုချက်တွေကို အပြည့်အဝ ထောက်ခံပါတယ်။ သူဟာ အဖိနှိပ်ဆုံးအခြေအနေတွေအောက်မှာ ဒီမိုကရေစီ၊ လူမှုရေးတရားမျှတမှုနဲ့ အလုပ်သမားအခွင့်အရေးတို့အတွက် တိုက်ပွဲဝင်ဖို့ လိုအပ်တဲ့ သတ္တိနဲ့ ခံနိုင်ရည်အား ကိုယ်စားပြု နေပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုဟာ ကမ္ဘာတဝန်းက အလုပ်သမားသမဂ္ဂတွေအတွက် လှုံ့ဆော်မှုတခုဖြစ်ပြီး ကမ္ဘာ့အလုပ်သမားသမဂ္ဂလှုပ်ရှားမှုက သူနဲ့အတူ ရပ်တည်နေပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးချိန်ကတည်းက စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၄,၅၀၀ ကျော် သေဆုံးပြီး ၃,၀၀၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရ တာဖြစ်ပြီး အဲဒီထဲမှာ ရာနဲ့ချီတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

Photo-ITUC

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013