DVB Logo
Home
မြန်မာသတင်း
ဆယ်ဇင်းတပ်စခန်းတိုက်ပွဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ တံတားဦးလေတပ် ကင်းပတ်ယာဥ် နှင့် မြင်းကျဒိုးရဲစခန်း တိုက်ခိုက်ခံရ
DVB
·
April 22, 2024
ဆယ်ဇင်းတပ်စခန်းတိုက်ပွဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ တံတားဦးလေတပ် ကင်းပတ်ယာဥ် နှင့် မြင်းကျဒိုးရဲစခန်း တိုက်ခိုက်ခံရ
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဆယ်ဇင်း ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေ ဧပြီ ၂၀ ရက်ညနေ ဝင်ရောက် တိုက်ခိုက်ရာ ကနေ ဒုတိယနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီးတော့ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လာရောက် ဗုံးကြဲခဲ့တယ်လို့ ဆယ်ဇင်းရွာခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်စခန်း ပတ်ဝန်းကျင်မှာ နှစ်ဖက် တိုက်ပွဲတွေ မနက်ပိုင်းကနေ စတင်ဖြစ်ပွားနေပြီး ညနေ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆယ်ဇင်းရွာခံ တဦးက ပြောပါတယ်။

“တိုက်ပွဲက မနက်ကနေ ဖြစ်နေတာ အခုညနေပိုင်း ၂ နာရီလောက်ကလည်း တိုက်လေယာဉ် ၂ စီးနဲ့ ၂ ကြိမ် လာပစ်သွားတယ်၊ ဆယ်ဇင်းပတ်ဝန်းကျင်ကိုပဲ လာပစ်သွားတယ်၊ လေယာဉ်နဲ့ လာပစ်ပြီးတဲ့နောက်လည်း တိုက်ပွဲသံတွေ ပြန်ကြားရတယ်၊ အခုည ၇ နာရီလောက်မှာတော့ ခဏပြန်ငြိမ်သွားပြီ။ ဘယ်အချိန် ပြန်ကြားရမလဲ မသိရဘူး။” 

လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီတပ်စခန်းအနီးက ပတ်ဝန်းကျင်တွေမှာ ကျရောက် ပေါက်ကွဲတယ်လို့ သိရပါတယ်။

ဆယ်ဇင်းကျေးရွာက ရဲစခန်းကို ဧပြီ ၉ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဝင်ရောက်တိုက်ခိုက်စဉ်ကတည်းက ဆယ်ဇင်းကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လုံခြုံတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ အိမ်ထောင်စု ၅၀၀ ဝန်းကျင်ရှိနေပြီးတော့ တောတောင်တွေမှာ တိမ်းရှောင်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဆယ်ဇင်းကျေးရွာထဲမှာ နေအိမ်တွေ စောင့်ကြပ်ဖို့ ကျေးရွာမှာ နေထိုင်နေတဲ့ ပြည်သူတွေလည်း ရှိနေသေးတယ်လို့ ဆယ်ဇင်းကျေးရွာကနေ တိမ်းရှောင်နေတဲ့ ရွာခံတဦးကနေ သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်က တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်စခန်းဟာ ဆယ်ဇင်းကျေးရွာကနေ တမိုင်ကျော် အကွားအဝေးမှာရှိတဲ့ တပ်စခန်း ဖြစ်ပါတယ်။

မန္တလေးတံတားဦးလေတပ်ကို ကင်းပတ်ပြီး လုံခြုံရေးယူနေတဲ့ယာဥ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတွေက ပူးပေါင်းတိုက်ခိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးသွားတယ်လို့ Kyaukse Revolution Army (KRA) က ပြောပါတယ်။

Kyaukse Revolution Army (KRA) ပြန်ကြားရေးတာ၀န်ခံက “မနေ့က ၂၁ ရက်နေ့ မနက် ၁၁ ခွဲလောက်က စစ်ကောင်စီတပ်သား ၈ ယောက်လောက်တင်ပြီး ခရိုင်ပါတ်လမ်းအတိုင်း တံတားဦးလေတပ်ဆီ မောင်းလာတဲ့ ပတ်ကင်း DC ကားကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့ကြတာပါ” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် ကားအနောက်ဘက် ကြွတက်သွားပြီး လမ်းဘေးထိုးရပ်သွားကာ ကားနောက်ခန်းက စစ်သား ၄ ဦး သေဆုံးသွားတာကို အနီးကပ် မျက်မြင်သတ်သေတွေအရ အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

Kyaukse Revolution Army (KRA)၊ Kyaukse District Defense Force (KDDF) နဲ့ စဥ့်ကိုင်မြို့နယ် (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု ရဲဘော်တွေ အန္တရာယ်ကင်းရှင်းစွာနဲ့ လုံခြုံတဲ့နေရာကို ပြန်ရောက်နေပြီလို့ ပါ၀င်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

Freedom Revolution Force – FRF အဖွဲ့ဟာ ဧပြီ ၁၇ ရက်ကလည်း တံတားဦးလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ ၉၀ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လေယာဥ်ဂိုဒေါင်နဲ့ ဂျက်ဖိုက်တာ ၆ စီး ထိမှန် ပျက်စီးသွားခဲ့တယ်လို့ FRF ဆီကနေ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်က မြင်းကျဒိုးရဲစခန်းကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF) က ဧပြီ ၂၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဝင်ရောက် စီးနင်းခဲ့ပြီး စစ်ကောင်စီတပ်က ၃ ဦးသေဆုံးခဲ့တယ်လို့ ပြန်ကြာရေးတာဝန်ခံ KP က ပြောပါတယ်။

“စခန်းမှာ အယောက် ၃၀ လောက်ရှိမှာပေါ့၊ စခန်းကို ဝင်သိမ်းတာ။ ‌ေ-ဘက်က ၃ ယောက် သေတယ်။ အပြန်အလှန်ပစ်ခတ်တာ ၄၅ မိနစ်လောက် ကြာတယ်။ သူတို့က လက်နက်မချဘူးလေ။ တချို့က ထွက်ပြေးကုန်တယ်။ အရှင်ကတော့ တယောက်ကို ဖမ်းမိတာပေါ့။”

မြင်းကျဒိုးကျေးရွာက ပျူစောထီးတွေ အင်အားကောင်းတဲ့ ရွာဖြစ်ပြီး ရဲစခန်းကို အလစ်ငိုက်ဖမ်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒုတပ်ကြပ်တယောက် အရှင်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် Ak-47 သေနတ်တလက်၊ ရိုင်ဖယ်တလက်နဲ့ ကျည်ဆန် အတောင့် ၃၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ဂျိုးဖြူတပ်ဖွဲ့က ရဲဘော်တဦး ထိခိုက်ခဲ့ပေမဲ့ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဂျိုးဖြူတပ်ဖွဲ့က  ရွာငံမြို့နယ်ထဲက စစ်ကောင်စီ ထောက်တိုင်တွေကို ရှင်းလင်းတာတွေနဲ့ ကရင်နီပြည်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013