DVB Logo
Home
မြန်မာသတင်း
စစ်သားစုဆောင်းရာတွင် ထွက်ပြေးသည့် လူငယ်များ၏ မိသားစုဝင်များကို ဖမ်းဆီး
DVB
·
April 21, 2024
စစ်သားစုဆောင်းရာတွင် ထွက်ပြေးသည့် လူငယ်များ၏ မိသားစုဝင်များကို ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်းထဲမှာ စစ်ကောင်စီက စစ်မှုထမ်း‌ဖို့ အဓမ္မစုဆောင်းနေရာမှာ လူငယ်တွေ ထွက်ပြေးတာကြောင့် မိသားစုဝင်တွေကို ဓားစာခံလုပ်ပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲမှာ ဧပြီ ၂၀ ရက်က သရက်ချဉ်ရွာနဲ့ သဲကုန်းရွာမှာ စစ်သင်တန်းတက်ဖို့ လာခေါ်တုန်း ကာယကံရှင်ကို မတွေ့တာကြောင့် အမေတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊  ကာယကံရှင်တွေက လူစားလာမလဲရင် ထောင် ၆ နှစ်ချမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်လို့ သရက်ချဉ်ရွာနေသူတယောက်က ပြောပါတယ်။

နတ်တလင်းမြို့နယ်၊ တာပွန်မြို့ထဲမှာတော့ ဧပြီ ၁၈ ရက်က လူငယ် ၈ ယောက်ကို အိမ်တွေမှာ လိုက်ဖမ်းရာ ၂ ဦး ထွက်ပြေးသွားတဲ့အတွက် ဇနီးသည်တွေကို အစားထိုးဖမ်းဆီးသွားပြီး လူချင်းလာလဲမှသာ ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောသွားတယ်လို့ တာပွန်မြို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ပံတန်းနဲ့ သာယာ၀တီမြို့နယ်တို့မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က စစ်သင်တန်းတက်မယ့်သူတွေကို အိမ်တိုင်ရာရောက်လိုက်ခေါ်ပြီး ဆေးရုံမှာ သွေးစစ်ခိုင်းကာ ပြန်မလွှတ်တော့ဘဲ နေအိမ်တွေကိုတော့ ငွေ ၃၀,၀၀၀ ကျပ်နဲ့ အ၀တ်အစားလာပို့ဖို့ စစ်ကောင်စီက လှမ်းအကြောင်းကြားပြီး ဆေးစစ်ရာမှာ အအောင်ပေးလိုက်တယ်လို့ စစ်သင်တန်းတက်ရမယ့်သူရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

ကြို့ပင်ကောက်မြို့ပေါ်မှာတော့ စစ်သားစုဆောင်းတာကို  နေ့ခင်းဘက်တွေမှာ တရားခံ လိုက်ဖမ်းသလိုမျိုး အိမ်တွေမှာ လိုက်လံဖမ်းဆီးနေကြောင်း၊ လက်ရှိဖမ်းဆီးထားသူ အယောက် ၃၀ ကိုတော့ သာယာဝတီဆေးရုံမှာ ဆေးစစ်ခိုင်းပြီး အုတ်ဖို တိမ်မြုတ်ကျေးရွာအခြေစိုက် စစ်တပ်ကို ပို့ဆောင်ထားပါတယ်။ 

ဒါ့အပြင် နောက်ထပ် လူငယ် ၅၀ ကျော်ကို ထပ်မံခေါ်ယူသွားမယ်ဆိုတာကြောင့် လူငယ်တွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ကြို့ပင်ကောက်မြို့နေသူ တယောက်ဆီက သိရပါတယ်။

ပြည်မြို့နယ်ထဲက ကုန်းသလင်း၊ မြရွာနဲ့ သဲဖြူ ရွာတို့မှာတော့ စာရင်းပါတာ ၁၇ ဦးဖြစ်ပြီး ၁၉ ရက် လာခေါ်တဲ့အချိန်မှာ တဦးက တိမ်းရှောင်နေတာကြောင့် ဖမ်း၀ရမ်းထုတ်ထားကြောင်း အိမ်ကို အကြောင်းကြားလာတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက စစ်သင်တန်း ဒုတိယအပတ်စဥ်ကို သင်္ကြန်အပြီးမှာ စတင်ဖို့ ကြေညာထားပြီး အဲဒီအတွက် ရပ်ကွက် တရပ်ကွက်၊ ရွာတရွာကို ၂ ဦးနှုန်း ကောက်ခံနေပြီး ပထမအသုတ်အနေနဲ့ လူငယ် ၅၀၀၀ ကို စစ်သင်တန်းပေးနေပါတယ်။

စစ်မှုထမ်းကာလကို ၂ နှစ် သတ်မှတ်ထားပြီး ပညာသည်အဖြစ် အမှုထမ်းဖို့ ဆင့်ခေါ် ခံရသူတွေက ၃ နှစ်ထက် မပိုဘူးလို့ ပြဋ္ဌာန်းထားပေမဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေဖြစ်ပေါ်လာခဲ့ရင်တော့ စစ်မှုထမ်း ကာလကို ၅ နှစ်အထိ တိုးမြှင့် သတ်မှတ်မယ်လို့ ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013