DVB Logo
Home
မြန်မာသတင်း
CDM ဝန်ထမ်းများ ခက်ခက်ခဲခဲ ရပ်တည်နေကြရ
DVB
·
April 21, 2024
CDM ဝန်ထမ်းများ ခက်ခက်ခဲခဲ ရပ်တည်နေကြရ
Donate to DVB

စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးဖိနှိပ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြတဲ့ CDM ဝန်ထမ်းတွေဟာ လက်ရှိအချိန် လုံလောက်တဲ့ ထောက်ပံ့မှုတွေ မရရှိသလို ခက်ခက်ခဲခဲ ရပ်တည်နေကြသူတွေလည်း ရှိနေပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပညာရေး ဝန်ထမ်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဌာနပေါင်းစုံက အစိုးရဝန်ထမ်းတွေ သိန်းနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလအတွင်း စစ်ခေါင်းဆောင်က ပြည်သူ့ စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်း စတင်ကျင်သုံးပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းမှာ ရှောင်နေရတဲ့ CDM ဝန်ထမ်းတွေဟာ ပြည်ပ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်လာရပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးဖိနှိပ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြတဲ့ CDM တွေဟာ အခုချိန်ထိ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ မရသူတွေရှိသလို ခက်ခက်ခဲခဲ ရပ်တည်နေရသူတွေလည်း ရှိနေပါတယ်။

CDM ဝန်ထမ်းတဦးက “ကိုယ်က CDM မလုပ်ခင် တာမွေ စည်ပင်ရုံးမှာ လုပ်ကတည်းက အလှကုန်တွေ ရောင်းတာကိုး။ CDM လုပ်တော့ အွန်လိုင်းကနေပဲ အလှကုန်တွေပဲ ဆက်ရောင်းတယ်။ ကိုယ့်ပစ္စည်းတွေကို ဒယ်လီ ဆက်ပို့တယ်။ စစ်မှုထမ်း ဥပဒေထုတ်လိုက်တော့ ကိုယ်ကလည်း အလုပ်မရှိဘူး။ ကိုယ်ဝန်ကလည်း ရှိနေတယ်။ အမျိုးသားကလည်း အသက် ၃၅ နှစ် မပြည့်သေးဘူး။ ကိုယ်ဝန်ကလည်း ၆ လထဲ ရောက်နေပြီဆိုတော့ အခု သူတို့က လူတွေကို ခေါ်ချင်တဲ့သူခေါ်ဆိုတော့ အမျိုးသား ပါသွားမှာစိုးတော့ မဲဆောက်ဘက်ကို ကူးလာတာပေါ့။ အခု အသိအိမ်မှာ နေနေတယ်။ အလုပ်အကိုင်လည်း မရှိဘူး။ နှစ်ယောက်လုံးက အလုပ်မရှိကြဘူး။ အခု အလုပ်တော့ ရှာလို့ မရသေးဘူး။ အခက်အခဲက အဲဒါတွေ ရှိတယ်။”

အချိန်ကြာလာတာတဲ့အမျှ CDM ဝန်ထမ်းတွေကနေ Non CDM ဝန်ထမ်းတွေအနေနဲ့ ပြည်တွင်းမှာ ပြန်လုပ်ကိုင်ကြသူတွေ ရှိသလို လက်ရှိချိန်အထိ CDM ဝန်ထမ်းအဖြစ် ကြံ့ကြံ့ခံ ရပ်တည်နေကြသူတွေလည်း ရှိပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ CDM လှုပ်ရှားမှုမှာ ဝန်ထမ်းပေါင်း ၃ သိန်းကျော်လောက် ပါဝင်ခဲ့ပြီး အဲဒီထဲမှာ ပညာရေး ဝန်ထမ်းက ၂ သိန်းနီးပါးလောက် သပိတ်မှောက် ပါဝင်ခဲ့ကြပါတယ်။ CDM ဝန်ထမ်းတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်ခွာပြီး အခြားအလုပ်တွေ လုပ်ကိုင်ပြီး ပြည်ပနိုင်ငံတွေမှာ ခက်ခက်ခဲခဲ ရှင်သန်နေကြရပါတယ်။

CDM ကျောင်းဆရာမတဦးကညီမတို့ဆိုရင် ဆယ်တန်းပြီးကတည်းက ပညာရေး ကောလိပ်ကို တက်တယ်။ ကောလိပ်ဆင်းမှာ မူလတန်းပြအနေနဲ့ တောက်လျှောက် လုပ်လာတဲ့အခါ အစိုးရဝန်ထမ်းအလုပ်ပဲ လုပ်လာတော့ ဒီအလုပ်ပြုတ်သွားတော့ တအား ဒုက္ခရောက်တယ်။ ညီမတို့မှာ စာသင်တတ်တဲ့ အလုပ်ပဲ ရှိတာကိုး။ အပြင်အလုပ်သွားလျှောက်တဲ့အခါ လိုအပ်တဲ့ skill တွေ၊ အခြား certificate တွေ ရှိမနေဘူး။ အလုပ်ပြုတ်သွားတယ်။ အဲ့ချိန်တုန်းက CDM ထောက်ပံ့တာ မရခဲ့ဘူး။ သူငယ်ချင်းချင်း ထောက်ပံ့ပေးတာပဲရှိတယ်။ အစိုးရဝန်ထမ်း အလုပ်ပဲ တောက်လျှောက် လုပ်လာတော့ အလုပ်ပြုတ်သွားတော့ တအား ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အစိုးရလုပ်ငန်းတွေကို အားလုံး ရပ်တန့်လုနီးပါးအထိ အောင်မြင်ခဲ့တဲ့ CDM လှုပ်ရှားမှုအရ CDM ဝန်ထမ်းတွေကို လုံလောက်တဲ့ ထောက်ပံ့မှုမျိုး မပေးနိုင်တာက ပကတိ အမှန်တရားပဲလို့ ကိုယ်တိုင် CDM တယောက် ဖြစ်တဲ့ ရန်ကုန် ဆေးပညာကွန်ရက်မှ ဒေါက်တာ လွမ်းဝေက ပြောပါတယ်။

“အစိုးရတရပ်ကို ရပ်တန့်လုနီးပါးအထိ ဖြစ်သွားတဲ့ CDM ဝန်ထမ်းတွေကို ဘယ်လို အခြေအနေမှာမှ လုံလောက်တဲ့ ထောက်ပံ့မှုမျိုး ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါက ပကတိ အမှန်တရားပဲ ဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီ မတရား ထုတ်ပြန်လိုက်တဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကြောင့် ပိုပြီး ဆိုးဝါးတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်။ ဒါကတော့ CDM မှ မဟုတ်ဘူး။ တနိုင်ငံလုံးမှာရှိတဲ့ လူငယ် လူရွယ်တွေ ပြည်သူတွေ အကုန် ရင်ဆိုင်နေရတာ။ ဒီကြားထဲမှာ CDM တွေက ပိုပြီး ကျပ်တည်းတဲ့ အနေအထားမှာ ရှိပါတယ်။ တချို့လည်း နေရပ်တွေစွန့်ခွာပြီး တော်လှန်ရေးဘက် ပြောင်းသွားတာတွေ ရှိတယ်။ တဖက်မှာလည်း နယ်စပ်ဒေသတွေမှာ စီဒီအမ်တွေအတွက် အင်မတန်များပြားလာတဲ့အပေါ် ထိခိုက်မှု ရှိပါတယ်။”

CDM တွေအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရဆီမှာ အကူအညီတွေ တောင်းခံကြဖို့လည်း CDM ဦးဆောင်နေသူတွေက တိုက်တွန်းထားပါတယ်။ CDM ဝန်ထမ်းတွေကတော့ သူတို့အနေနဲ့ ပြည်ပနိုင်ငံတွေမှာ တရားမဝင် နေထိုင်ရတာကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ အများအပြား လိုအပ်နေပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ၃ သိန်းကျော် ရှိပြီး၊ အဲဒီထဲမှာ ပညာရေး ၂ သိန်းနီးပါး ရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိ CDM ပါဝင်မှုက ပညာရေးမှာ ၁ သိန်းကျော်၊ ကျန်းမာရေးမှာ ၄ သောင်းကျော်နဲ့ ဌာနပေါင်းစုံမှာ ၂ သောင်းနီးပါး ရှိပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ ဒီထက်အရေအတွက် ပိုများနိုင်တယ်လို့ CDM ဝန်ထမ်းတွေက ပြောဆိုကြပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013