DVB Logo
Home
ဆောင်းပါး
ကျောက်အိုးလွင်ပြင်ကို လှမ်းမျှော်မိခြင်း
ငြိမ်းဝေ
·
October 29, 2026
ကျောက်အိုးလွင်ပြင်ကို လှမ်းမျှော်မိခြင်း
Donate to DVB

ဒီကနေ့လည်း ဗီယန်ကျန်းမြို့ထဲ အလည် ထွက်ခဲ့ပါသေးသည်။ အလည်ထွက်သည် ဆိုပေသည့် စေ့စေ့စပ်စပ် လိုက်လံလေ့လာနိုင်သည့် သဘောတော့ မဟုတ်ပါ။ ကိုယ် သိထားသည့် အချက်အလက် တချို့အပေါ် မူတည်ပြီး ဗီယန်ကျန်းမြို့ထဲ လိုက်လံကြည့်ရှုရင်း လာအိုလူမျိုးတွေအပေါ်  ခံစား လေ့လာကြည့်သည့် သဘောမျှသာ ဖြစ်ပါသည်။

မနက်ပိုင်းတုန်းကတော့ ထမင်းဆိုင်လေးတွင် ကိုမျိုးမြင့်နှင့် တွေ့ဆုံရပါသည်။ ကိုမျိုးမြင့်ကို ယခင်တခေါက် လာအိုကို လာစဉ်က ပန်းချီဆရာလေး ကိုဟန် မိတ်ဆက်ပေးသဖြင့် သိကျွမ်းခဲ့ရ၏။  သူသည် လာအိုတွင် လာရောက် အလုပ်လုပ်ကိုင်နေသည်မှာ ၂ နှစ် ရှိပြီဟု သိရ၏။ လာအို လေကြောင်းဌာနကို သူနှင့် အတူသွားပြီး လေယာဉ်လက်မှတ်ကိစ္စ  စိတ်ချရအောင် အတည်ပြုချက် သွားယူခဲ့ရ၏။ ကိုမျိုးမြင့်က  အလုပ်မအားသည့်ကြားက တမင်သက်သက် လိုက်လံကူညီပေးခဲ့ခြင်း ဖြစ်သည်။

ထမင်းစားပြီးသောအခါ မြို့ထဲကို စက်ဘီးတစီးနှင့် ထွက်ခဲ့သည်။ လမ်းတွင် မော်တော်ယာဉ် တချို့ကို ရပ်တန့်မေးမြန်းနေသော ယာဉ်ထိန်းရဲတချို့ကို တွေ့ရသည်။ သူတို့ဘေးက ဖြတ်လျှောက်လာစဉ် လာအို ရဲများအကြောင်း ကျနော် သွားတွေးမိသည်။ လာအို ရဲများမှာ ကျနော်တို့နိုင်ငံက ရဲများလိုပင် အဝတ်အစား တောက်တောက်ပြောင်ပြောင် သိပ်ပြီးမရှိလှပါ။ ပြီးတော့ မျက်နှာထားတွေကလည်း တော်တော့်ကို အေးဆေး ညင်သာကြသည်ဟု ကျနော် ထင်နေမိသည်။ တခါတရံ လမ်းဘေးတွင် ရပ်ကာ စကားပြောနေသော ရဲများဘေးမှ ကျနော် ဖြတ်လျှောက်လာခဲ့စဉ် သူတို့အချင်းချင်း အေးအေးလူလူ စကားပြောနေကြသည်မှာ တကယ့်ကို အေးဆေးသည့် ပုံသဏ္ဌာန်ပေါက်နေသည်ကို ကျနော် သတိပြုမိခဲ့သည်။

လာအိုလူမျိုးများမှာ အသားအရေအားဖြင့် ကျနော်တို့တိုင်းပြည် မြေလတ်နှင့် အညာဒေသက မြန်မာလူမျိုးများနှင့် ဆင်တူသည်ဟု ကျနော် ထင်သည်။ အသားအရေ ခပ်ညိုညို၊ ရိုးသားအေးဆေးသည့် ကိုယ်ဟန်အပြောအဆိုများမှာ တကယ့်ကို သိသာပေါ်လွင်လှပါသည်။

လာအိုအမျိုးသမီးများမှာ ထဘီဝတ်ကြသည်။ အမျိုးသားများကမူ ဘောင်းဘီရှည်ဝတ်ကြသည်။ လာအို လုံမငယ်တချို့က ခေါက်ထဘီကို ဒူးဆစ်အောက်အထိသာ ဝတ်ကာ၊ ခါးတွင် ငွေခါးပတ် သို့မဟုတ် တခြား ခါးပတ်တမျိုးမျိုး ပတ်ကာ အလှဆင်ကြသည်ကို တွေ့ရသည်။ ကျနော် ထမင်းစားသည့် ဆိုင်ကလေးထဲက ဆိုင်အကူ ကုလားမလေးသည်ပင် ခေါက်ထဘီကို ခါးပတ် ပတ်ပြီး ဝတ်ဆင်သွားလာနေသည်ကို ကျနော် သတိပြုမိသည်။

တနေရာ အရောက်တွင် ကမ်းနားလမ်းဘက် တခေါက် ဝင်လာခဲ့မိပြန်သည်။ မဲခေါင်မြစ်ထဲ ဒိုးယိုပေါက် မြင်နေရသည့် ကမ်းနားလမ်း ဖြစ်သည်။ မြစ်ဘက်ကို မျက်နှာမူထားသည့် အဆောက်အအုံများမှာ လာအို လူချမ်းသာများ နေထိုင်ဟန် ရှိသည့် တိုက်တာအိုးအိမ်များ ဖြစ်မည်ဟု ယူဆမိသည်။ ခြံနှင့် ဝင်းနှင့် လှပ သေသပ်သည်။

ဆိုင်းဘုတ် ခပ်ကြီးကြီးတခု ထောင်ထားသည့် ခြံတခုရှေ့ အရောက်တွင် ကျနော်က စက်ဘီးကို ခပ်ဖြည်းဖြည်းပဲ စီးသည်။ ဆိုင်းဘုတ်နှင့် ခြံဝင်းထဲကို မသိမသာ အချိန်ယူပြီး ခိုးကြည့်ခဲ့သည်။ ပြီးတော့ ကိုယ့်အတွေးနှင့်ကိုယ် တယောက်တည်း ပြုံးမိသည်။

ခြံရှေ့က ဆိုင်းဘုတ်မှာ အောက်ခံအရောင် အစိမ်းပေါ်တွင် ဆေးအဖြူဖြင့် စာလုံးများ ရေးထား၏။ အပေါ်က စာလုံးတန်းက လာအိုလို ရေးထားသဖြင့် ဘာရေးထားသည်ကို ကျနော် မသိသော်လည်း အောက်က စာတန်းကမူ ကံအားလျော်စွာ အင်္ဂလိပ်လို ရေးထား၏။ ‘လာအို လမ်းစဉ်လူငယ် ဗဟိုဌာနချုပ်’ ဟု အဓိပ္ပာယ်ရသော အင်္ဂလိပ်စာတန်းကို ကျနော် ဖတ်ရသည်။

လာအိုမှာ ကွန်မြူနစ်များ အာဏာရယူထားသည့် တိုင်းပြည်ဖြစ်သည်။ ထိုဆိုင်းဘုတ်ကို တွေ့ရ ဖတ်ရတော့ ကျနော်တို့နိုင်ငံက သွားလေသူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အရန်အဖွဲ့အစည်း တခု ဖြစ်သည့် ‘လမ်းစဉ်လူငယ်’ ဆိုသည်ကို သွားပြီး သတိရမိသည်။ တပါတီ အာဏာရှင်စနစ်ချင်း တူရုံသာမက လမ်းစဉ်လူငယ် ဆိုင်းဘုတ် အရောင်ကအစ လာတူနေသည်ကို တွေးမိပြီး တယောက်တည်း ပြုံးလိုက်မိခြင်း ဖြစ်သည်။

လမ်းကို ခွဆောက်ထားသော “အောင်မြင်ခြင်း မုခ်ဦး”ဆီ ရောက်လာရပြန်သည်။ ဗီယန်ကျန်း မြို့တော်မှာ လူဦးရေ ၁ သိန်းခွဲခန့်သာ ရှိသည်။ တနိုင်ငံလုံး လူဦးရေကလည်း ၁၉၉၅ စစ်တမ်းအရ ၄ သန်းခွဲကျော်သာ ရှိသည်။ ထို့ကြောင့် မြို့ထဲတွင် တခြားသွားစရာ လာစရာ နေရာ သိပ်ပြီး မရှိလှဟု ထင်မိသည်။ ကျနော်က အချိန်ရလျင် ဗဟိုစာကြည့်တိုက်၊ ဗဟိုသမိုင်းပြတိုက် စသည့် နေရာများကို သွားချင်သေးသည်။ သို့သော် အချိန်က သိပ်မရပါ။ ထို့ကြောင့် မြို့လယ်ဘက်ကိုပဲ ပြန်လှည့်လာခဲ့သည်။

“အောင်မြင်ခြင်း မုခ်ဦး” အောက်ကို ရောက်တော့ ခုံတန်းကလေးပေါ်တွင် ထိုင်ပြီး နားနေမိသည်။ မုဒ်ဦးကြီးမှာ ပြင်သစ်ပြည်က အောင်မြင်ခြင်းမုခ်ဦးကို နမူနာယူကာ လာအိုအမျိုးသားဟန်နှင့် ပေါင်းစပ်ထားသော အဆောက်အအုံ ဖြစ်သည်။ မုခ်ဦးကြီးရဲ့အောက်က ဈေးဆိုင်ကလေးတွင် ကျနော် အထူးတလည် စိတ်ဝင်စားနေသည့် ကမ္ဘာကျော် ‘ကျောက်အိုးလွင်ပြင်’ ပို့စ်ကတ် ဒါမှမဟုတ် ဓာတ်ပုံလေးများ ရှိလိုရှိငြား ရှာကြည့်သည်။ မတွေ့ခဲ့ရပါ။ ကျနော်တို့က အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ရစဉ် လာအိုတို့က ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ကြရ၏။

‘ကျောက်အိုးလွင်ပြင်’ ဆိုသည်မှာ လာအိုနိုင်ငံ  အရှေ့တောင်ဘက် ဖွန်စဘန်ဒေသတွင် ရှိသည့် အံ့ဖွယ် ကျောက်အိုးကြီးများ ရှိရာဒေသကို ခေါ်ခြင်း ဖြစ်သည်။ 

ကျောက်အိုးကြီးများမှာ (Stone Jars) အရွယ်အစား အမျိုးမျိုးရှိသည့် ကျောက်တုံးများကို ထွင်းထုထားသည့် ကျောက်ငရုတ်ဆုံကြီးများသဖွယ် ဖြစ်သည့် ကျောက်အိုးကြီးများပင် ဖြစ်သည်။ အလေးချိန်အားဖြင့် အနည်းဆုံး ၆၀၀ ကီလိုအလေးချိန်ရှိရာမှ အကြီးဆုံး ၆ တန်အထိ ကြီးမားသည့် ကျောက်အိုးကြီးများ အလုံး ၁၀၀၀ ကျော် ရှိနေသည့် လွင်ပြင်ကြီး ဖြစ်သည်။ ဂရင်းနိုက် ကျောက်အမျိုးအစားကို ထွင်းထုထားခြင်းဖြစ်ပြီး အံ့သြဖို့ ကောင်းသည့်အချက်မှာ ယင်းကျောက်အိုးကြီးများနှင့် ကျောက်အမျိုးအစား တူသည့် တောင်တန်းရှိရာအရပ်မှာ ကျောက်အိုးကြီးများနှင့် အတော်အတန် ဝေးကွာသည့် အရပ်တွင် ရှိနေသည့် အချက်ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ဝန်းကျင်က ထွင်းထုထားခဲ့ကြခြင်းဖြစ်သည်ဟု ယူဆရပြီး ရှေးခေတ် လာအိုများက စပါးနှင့် ချက်သည့်အရက်များ ထည့်သွင်း သိုလှောင်ဖို့အတွက် အခုလို ထွင်းထုထားခဲ့ကြခြင်း ဖြစ်သည်ဟု ယူဆကြလေသည်။

ကျနော့်စိတ်ထဲ ‘ကျောက်အိုးလွင်ပြင်’ ရှိရာဒေသကို သွားကြည့်ချင် နေသေးသည်။ သို့သော် ခရီးက ဝေးလွန်းသည့်အပြင် အချိန်ကလည်း မလုံလောက်နိုင်ပါ။ အကယ်၍ သွားချိန်ရမည် ဆိုတော့လည်း ကျနော့်မှာ ကျောက်အိုးလွင်ပြင်ဆီ သွာဖို့အတွက် ခရီးစရိတ် လုံလုံလောက်လောက် မရှိပါ။ ထို့ကြောင့် ကိုယ် ဖတ်ထား၊ သိထားသည့် ကျောက်အိုးလွင်ပြင် အကြောင်း တို့တို့တိတိကို တွေးကာ စိတ်ကို ဖြေလိုက်ရ၏။

ငြိမ်းဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013