အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲ သီတင်း ၈ ပတ်ထဲ ဝင်လာချိန်မှာ စွမ်းအင်အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ရုရှားဆီကနေ ရေနံဝယ်ဖို့ အပြိုင်ကြိုးပမ်းနေကြ ပါတယ်။
ပြည်တွင်းလိုအပ်ချက် ပြည့်မီစေဖို့ ရုရှားဆီကနေ ရေနံဝယ်ယူရေး ညှိနှိုင်းနေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဧပြီ ၁၈ ရက်မှာ ပြောပါတယ်။
အလားတူပဲ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို ကလည်း ဧပြီ ၁၂ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မော်စကိုမြို့မှာ တွေ့ဆုံခဲ့ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။
ပြည်တွင်းဒီဇယ်စျေးနှုန်း မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ စွမ်းအင်အရန်သိုလှောင်မှု တိုးချဲ့ဖို့အတွက် အခုလို ကြိုးပမ်းနေတာပါ။
ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်းချင်း ကလည်း ရုရှားနဲ့ ရေနံကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ မတ် ၂၂ ရက်က သဘောတူညီခဲ့ပါတယ်။
စွမ်းအင်အကျပ်အတည်း ကြုံနေရတဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း ရုရှားရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ကင်းလွတ်ခွင့် သက်တမ်းတိုးပေးဖို့ အမေရိကန်ကို တောင်းဆိုထားပါတယ်။
မြန်မာစစ်အာဏာရှင် တာဝန်ရှိသူတွေကလည်း ဧပြီ ၁၇ ရက်က ရုရှားအခြေစိုက် ကုမ္ပဏီတွေနဲ့ တွေ့ဆုံခဲ့ပြီး ရုရှားရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတွေ ရေရှည်ရဖို့ စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ထိုင်းနိုင်ငံကလည်း ရုရှားဆီကနေ ရေနံစိမ်းဝယ်ယူဖို့ ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဒုတိယဝန်ကြီးချုပ် ဖီဖတ် ရတ်ချာကစ်ပရာကန်က မတ် ၁၇ ရက်ကတည်းက ပြောထားပါတယ်။










