DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်
DVB
·
April 17, 2024
တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်
Donate to DVB

တရုတ်-မြန်မာနယ်စပ်အနီးမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းကွပ်ကဲမှုဌာနခွဲက မြေပြင်ကြည်းတပ်နဲ့ လေတပ်တွေကို စုပေါင်းပြီးတော့ ဧပြီ ၁၇ ရက် ဒီကနေ့မှာ စတင်စစ်ရေးလေ့ကျင့်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာတော့ တပ်ဖွဲ့ဝင်တွေရဲ့ ကင်းထောက်စွမ်းရည်၊ ကြိုတင် သတိပေးချက်၊ သရီးဒီ ပိတ်ဆို့ကာကွယ် ထိန်းချုပ်တာတွေ အပါအဝင် မြေပြင်လေကြောင်းရန် ကာကွယ်ရေး တိုက်ခိုက်မှုစွမ်းရည်တွေကို စမ်းသပ်ဖို့ ရည်ရွယ်ထားတယ်လို့ PLA  ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်အစိုးရအာဘော်သတင်းဌာနတခုဖြစ်တဲ့ CGTN သတင်းမှာ ရေးပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ စစ်သည်အင်အား ဘယ်လောက်ပါဝင်ပြီး အချိန်ကာလဘယ်လောက် ကြာမြင့်မယ် စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

PLA အနေနဲ့ အရေးပေါ်အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိနေပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ပြတ်ပြတ်သားသား အကာအကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဧပြီ ၂ ရက်တုန်းကလည်း တရုတ်-မြန်မာနယ်စပ်၊ ယူနန်ပြည်နယ်ထဲမှာ တရုတ်စစ်တပ်က ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့သလို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြားတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

လတ်တလောမှာတော့ တရုတ်အစိုးရက မြန်မာနိုင်ငံမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့နဲ့  ပဋိပက္ခတွေ အဆုံးသတ်ရေး  တွေ့ဆုံဆွေးနွေးမှုကတဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြဖို့  တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျိအန်းက “(မြန်မာ့အရေးနဲ့) ပတ်သက်တဲ့ သတင်းတွေကို ကျနော်တို့ သတိပြုမိပါတယ်။ သက်ဆိုင်သူ အားလုံး အပစ်အခတ်ရပ်စဲ၊ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး တင်းမာမှု ရှောင်လွှဲနိုင်အောင် တွေ့ဆုံဆွေးနွေးရေးကတဆင့် မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တရုတ်အနေနဲ့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်းဟာလည်း နေပြည်တော် ခြောက်လုံးတန်းမှာ နေထိုင်တဲ့ မြန်မာအာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ဧပြီ ၅ ရက်က နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့နှစ်သစ်ကူးအခါသမယ သွားရောက်နှုတ်ဆက် ဆုတောင်းပေးဖို့ သွားရောက်တာ ဖြစ်တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပြီးတော့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးပြောဆိုခဲ့ကြပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက အကူအညီတွေ ဆက်ပေးသွားမယ်လို့ တရုတ်သံအမတ်က ပြောပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013