DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို နေရာရွှေ့တာ နိုင်ငံရေး ရည်ရွယ်ချက်ပါသလား (မေးမြန်းချက်) 
DVB
·
April 17, 2024
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို နေရာရွှေ့တာ နိုင်ငံရေး ရည်ရွယ်ချက်ပါသလား (မေးမြန်းချက်) 
Donate to DVB

နေပြည်တော်နဲ့ တောင်ငူ အကျဉ်းထောင်တို့မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်တွေကနေ နေရာပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ 

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ကို နေရာပြောင်းရွှေ့တာနဲ့ ပက်သက်လို့ နိုင်ငံရေး လေ့လာသူတွေကြားမှာ အမျိုးမျိုးခန့်မှန်းနေတာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအင်စတီကျု ISP (Myanmar) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်တွေကနေ ရာသီဥတုပူလို့ နေရာပြောင်းထားတယ်လို့ စစ်ကောင်စီပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြေားထားတယ်ပေါ့နော်။ သူတို့ကို ဘယ်မှာရွှေ့ထားမယ်လို့ ထင်ပါလဲ။ 

ဖြေ။ “ကျနော်တို့ သိရသလောက် သတင်းတွေကတော့ ဒီနေပြည်တော်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီအကျဉ်းဦးစီးဌာနက သူတို့ဆောက်ထားတဲ့ သီးသန့်အိမ်ရှိတယ်။ အဲဒီမှာ ထားတယ်လို့တော့ ကြားပါတယ်ဗျာ။ ကျနော် တခြား အသေးစိတ်ကိစ္စတော့ မသိသေးဘူးပေါ့နော်။ နောက်တခု ကောလာဟလလိုဖြစ်တာကလည်း ဒီတရုတ်နိုင်ငံက သံအမတ်ကြီးတို့၊ တရုတ်သံအရာရှိတချို့နဲ့ ပေးပြီးတော့တွေ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေကတော့ ကျနော်တို့ အတည်ပြုနိုင်တဲ့ အနေအထားတော့မရှိပါဘူးဗျာ။ ”

မေး။ တချို့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တရုတ်ကိုယ်စားလှယ်နဲ့ ပေးတွေ့ဖို့ပြောနေသလို တခုခု အပြောင်းအလဲလုပ်မယ်ဆိုရင် အမြဲတမ်း ဒေါ်စုကို အသုံးပြုတယ်ဆိုပြီး ပြောဆိုမှုတွေအပေါ် ဦးအောင်သူငြိမ်းကော ဘယ်လိုမြင်လဲ။ 

ဖြေ။ “တခုကတော့ နိုင်ငံရေးရည်ရွယ်ချက်ပါတယ်လို့တော့ ယူဆလို့ရတာပေါ့နော်။ အခုချိန်ထိကတော့ ဗိုလ်ချုပ်ဇော်မင်းထွန်း အကြောင်းပြချက်ကတော့ ရာသီဥတု ပူပြင်းလွန်းလို့ ပိုပြီးတော့ သက်သောင့်သက်သာဖြစ်အောင် စီမံတယ်လို့တော့ ပြောတာပေါ့။ ဒါပေမဲ့လည်း ကျနော်တို့ ပြီးခဲ့တဲ့ စစ်အစိုးရကာလတွေ၊ ဟိုးအရင် စစ်အစိုးရကာလတွေမှာလည်း တခုခု အကြောင်းရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာတို့ ဒါမျိုးတွေ လုပ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်လဲဆိုတော့ အဖြေလည်း မထွက်ဘူး။ နောက်ပိတ်ဆုံး ပြေလည်တဲ့အထိလည်း မရောက်ဘူးပေါ့။ ဒါပေမဲ့ ဒီလို ဆွေးနွေးတယ်ဆိုလို့ရှိရင် ကျနော်တို့ အပြင်မှာက ဘယ်လို ဖြစ်လဲဆိုတော့ ဂယက်ရိုက်တာ။ ကိုယ့်အတွင်းမှာလည်း ကွဲတတ်တယ်။ နောက်တခု အာဆီယံ အသိုက်အဝန်းမှာလည်း ဒါကို ကြိုဆိုချင်တဲ့လူနဲ့ ဒါကို သိပ်ပြီးမထူးဘူး ထင်တဲ့လူပေါ့နော်။ ဒီလိုမျိုးကွဲတာတွေ ရှိခဲ့ဖူးပါတယ်။”

မေး။ အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုပဲ အပြောင်းအလဲတခုခုလုပ် မယ်ဆိုရင် အသုံးပြုလေ့ရှိတယ်။ ဆိုတော့ အခု ပြုလုပ်တယ်ဆိုရင်ကော အောင်မြင်မှုရှိနိုင်မလား သုံးသပ်ပေးပါဦး။ 

ဖြေ။ ကျနော်ထင်တာကတော့ အောင်မြင်မှုရနိုင်ဖို့ ခက်တယ်ဗျာ။ ဒါပေမဲ့ တခုရှိတာက ဒေါ်အောင်ဆန်းစုကြည်မှာ တန်ဖိုးရှိတုန်းပဲ။ တန်ဖိုးရှိတယ်ဆိုတောက သူက နိုင်ငံရေးမှာ ဩဇာလည်းရှိတယ်။ ပြည်သူလူထု ထောက်ခံမှုလည်း တစုံတရာ ရှိနေတယ်။ အဲဒီအနေအထားမှာတော့ ပြဿနာကို မပြေလည်ဘူးလို့ ပြေလည်တဲ့အထိ ရောက်ဖို့ ခက်တာပေါ့။ ဒါပေမဲ့လည်း အများကြီး လမ်းပွင့်နိုင်တဲ့အနေအထားရှိတယ်။ နိုင်ငံတကာဘက်ကလည်း တချို့ အပြုသဘောဆောင်ပြီးတော့ လုပ်လာတာတို့ လက်ခံနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။”

မေး။ လက်ရှိ အကျပ်အတည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံအနေနဲ့ စစ်ကောင်စီက သုံးလို့ လက်ရှိသွားနေတဲ့ လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းက တုံ့ဆိုင်းသွားနိင်မယ်လို့ ထင်ပါလား။ 

ဖြေ။ “အဲလိုတော့ မဖြစ်နိုင်တော့ဘူးခင်ဗျာ။ အခုက လက်နက်ကိုင်ဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ အနေအထားက တော်တော်လေးကို ပြင်းထန်တယ်။ အဲဒီအနေအထားကတော့ ချက်ချင်းကြီးကို လျော့သွားဖို့တို့၊ ရပ်ဆိုင်သွားဖို့တို့ အနေအထားမရှိပါဘူး။ ဒါပေမဲ့ တခုရှိတာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ်၊ သို့မဟုတ် ပိုပြီးသက်သာတဲ့ အနေအထားရှိမယ်၊ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့တယ်ဆိုလို့ရှိရင် တချို့မြန်မာပြည်မှာ ဘယ်လိုမျိုး ကြားဝင်ဆောင်ရွက်နိုင်မလဲ၊ ငြိမ်းချမ်းရေး ဘယ်လို ကူညီနိုင်မလဲပေါ့နော်။ ဒီလို ပြောနိုင်ဆိုနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်မယ်လို့တော့ ထင်ပါတယ်။”

မေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အခုလို နေရာရွှေ့လိုက်တာကို ဘယ်လိုအဓိပ္ပာယ်လဲ ဘယ်လို သုံးသပ်လဲ။

‌ဖြေ။ “အထွေအထူးတော့ မရှိပါဘူး။ တခု ရှိတာက သူတို့ကို တတ်နိုင်ရင် ဒီထက်ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်တဲ့အနေအထား ဒါမှမဟုတ် လွှတ်ပေးတဲ့အနေအထားမျိုးလည်း ကျနော်တို့ မြင်ချင်ပါတယ်။ အခုအနေအထားမှာ ဘာပဲဖြစ်ဖြစ် ဒီရာသီဥတု ဆိုးဝါးလွန်းတဲ့ဒဏ်ကို သက်သောင့်သက်သာ ဖြစ်လာတယ်ဆိုတော့ ကြားရတာ ဝမ်းသာပါတယ်။”

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013