DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင် ၂ ဦးကို နေရာရွှေ့ထားမှု သွေးရိုးသားရိုးမဟုတ်ဟု NUG ပြော၊ ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
April 17, 2024
ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင် ၂ ဦးကို နေရာရွှေ့ထားမှု သွေးရိုးသားရိုးမဟုတ်ဟု NUG ပြော၊ ပြန်လွှတ်ပေးရန် တောင်းဆို
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက အကျဉ်းထောင်ကနေ တခြားနေရာတခုကို ပြောင်းရွှေ့ထားလိုက်တာဟာ  သွေးရိုးသားရိုး မဟုတ်ကြောင်းနဲ့ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင်  နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆို လိုက်ပါတယ်။

နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်က သမ္မတဦးဝင်းမြင့်တို့ကို နေရာပြောင်းရွှေ့ထားလိုက်တယ်လို့ စစ်ကောင်စီ  ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၆ ရက်မှာ မီဒီယာတွေကို  ပြောဆိုထားတာပါ။

လတ်တလောမှာ  ရာသီဥတုပူပြင်း အပူချိန်ပြင်းထန်နေတဲ့အတွက် အသက်ကြီး အကျဉ်းသားတွေကို  အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ပေးတာလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင် ၂ ဦးကို ဘယ်နေရာမှာ ဘယ်လိုထားတယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "တော်လှန်ရေးအင်အားစုတွေက သူတို့ အလုံခြုံဆုံးဆိုတဲ့နေရာတွေကို ထိုးဖောက်ဝင်ရောက်ပြီး တိုက်ခိုက်နိုင်တဲ့အနေအထား ရောက်လာပြီ။ ဒါကြောင့် သူတို့မှာ အစစအရာရာ ကျရှုံးနေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အကျယ်ချုပ်ပြောင်းခြင်းအားဖြင့် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားမှာ တွေဝေသွားအောင် ကြိုးစားတာရယ်၊ နိုင်ငံတကာစာမျက်နှာမှာလည်း သူတို့က စကားပြောဖို့အတွက် လိုလားသလိုမျိုး လုပ်ကိုင်တာဖြစ်တယ်။ လွှတ်ပေးတာ မဟုတ်ဘူး၊ အကျယ်ချုပ်ပြောင်းတဲ့ဟာ သွေးရိုးသားရိုးမရှိဘူး။ စိတ်ထားမှန်မှန်ကန်ကန် မရှိဘူးဆိုတာလည်း သိသာထင်ရှားပါတယ်။ တကယ်လို့သာ သူတို့သည် အမှားကို သိတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ဖို့လိုအပ်တယ်ဆိုတာ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်နဲ့ သူတို့ရဲ့ ရှေ့နေအဖွဲ့နဲ့လည်း အဆက်အသွယ်မရသလို NUG သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနဆီကိုလည်း ခိုင်လုံတဲ့ မြေပြင်သတင်းတွေ မရောက်သေးဘူးလို့ သိရပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတဦးက “လောလောဆယ်ကတော့ အတိအကျ မသိရသေးဘူး။  မကျိန်းသေသေးဘူး။ ခု သူတို့ပြောတာကလည်း ယုံလို့မရသေးဘူး။ ဒါပေမဲ့ သူတို့ရွှေ့ဖို့ အနေအထားရှိတာတွေ ဘာတွေတော့ရှိတယ်။ ရှေ့နေတွေလည်း ဘယ်သူမှ မသိရသေးဘူး။ ဘယ်ကိုပြောင်းတယ်လို့ အတွင်းသတင်းကလည်း ကျနော်တို့ မရသေးဘူး”လို့ ပြောပါတယ်။

ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က "ဘယ်နေရာပြောင်းတယ်ဆိုတာတော့ မသိသေးဘူး။ ပုံမှန်အားဖြင့်တော့ နေပြည်တော်မှာ အရင်ထားတဲ့ နေအိမ်ပေါ့နော်။ အဲ့ဒီမှာပဲ ဖြစ်ဖို့များပါတယ်။ တိတိကျကျတော့ ကျနော်တို့လည်း ဘယ်နေရာဆိုတာ မသိသေးဘူး။ ကျနော်တို့လည်း အဲ့ဒီသတင်းတော့ အတည်ပြုနိုင်အောင်တော့ ဆက်သွယ်ပြီးတော့ စုံစမ်းကြည့်နေတာပေါ့နော်။ ဒါပေမဲ့ သူက အကျဉ်းဦးစီးဌာနအောက်က နေရာမဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးဘက်ကနေရာ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ ဒီဘက် အကျဉ်းဦးစီးဘက်ကလည်း သတင်းမရဘူး။ ကျနော်ကတော့ နှစ်ဆန်း ၁ ရက်နေ့နဲ့ မဆိုင်ဘူးတော့ ထင်တယ်ဗျ။ စစ်ရေး နိုင်ငံရေး အဘက်ဘက်က  ကြုံတွေ့နေတဲ့ အကျပ်အတည်းကို ဖြေလျှော့နိုင်ဖို့ပေါ့နော်။ ပထမအဆင့်အနေနဲ့ ဖြေလျှော့မှုတခု လုပ်လိုက်တယ်လို့ မြင်တယ်။ နိုင်ငံရေးရည်ရွယ်ချက် ပါတယ်”လို့ မြင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအဆင့် နေအိမ်ကို ပြောင်းထားမယ်၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ပြောင်းထားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ တကယ်တမ်းတော့ ဖြစ်မလာခဲ့ပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ် အာဏာစသိမ်းချိန်ကနေ  လက်ရှိအချိန်အထိ အကျဉ်းချခံထားရတာ  စုစုပေါင်း ၃ နှစ် နဲ့ ၂ လကြာရှိလာပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၂ ဇွန် အထိ ၁ နှစ်နဲ့ ၄လ ဝန်းကျင် နေအိမ်အကျယ်ချုပ်ထားခဲ့ပြီး ၂၀၂၂ ဇွန်ကနေ ၂၀၂၄ ဧပြီအထိ ၁ နှစ်နဲ့ ၁၀ လ ဝန်းကျင် နေပြည်တော်အချုပ်ထောင်မှာ ထိန်းသိမ်းခဲ့ပါတယ်။

စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချပြီး နိုင်ငံရေးကစားဖို့ ကြိုးစားနေပေမဲ့ တော်လှန်ရေးကို မျက်ခြည်မပြတ်ဖို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြည်သူတွေကို တိုက်တွန်းပါတယ်။

ဒေါက်တာတေဇာဆန်းက “သူတို့ လိုသလိုအသုံးပြုဖို့ သူတို့ကစားနိုင်ဖို့အတွက် ကြိုးပမ်းမှာပဲ ကြိုးစားမှာပဲဆိုတာ ကျနော်တို့ ပြည်သူအားလုံး သိရှိနားလည် သဘောပေါက်ထားကြဖို့ပါပဲဗျ။ ဒီလိုအခြေအနေမှာ ကျနော်တို့အနေနဲ့ လုပ်လက်စဖြစ်တဲ့ မိမိတို့တော်လှန်ရေးလုပ်ငန်းတွေ မိမိတို့ တော်လှန်ရေးခရီးကြမ်းကိုပဲ မျက်ခြည်မပြတ် ဦးလည်မသုန် ဆက်လက်ချီတက်သွားကြဖို့ပဲ ဖြစ်တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ခေါင်းဆောင်တွေ နိုင်ငံရေး အကျဉ်းသားတွေရဲ့ သတင်းကိုလည်း စဉ်ဆက်မပြတ် မျက်စိဖွင့် နားစွင့်ထားဖို့ ပဲဖြစ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင် အခန်းကျဉ်းထဲမှာ ထိန်းသိမ်းခဲ့တာဖြစ်ပြီး ပုဒ်မ (၁၄) ခုအတွက် ထောင်ဒဏ်  ၂၇ နှစ်ချမှတ်ထားပါတယ်။

ရှေ့နေအဖွဲ့က တင်ထားတဲ့ အထူးအယူခံအားလုံး ပယ်ချခံထားရတဲ့အပြင် ရှေ့နေအဖွဲ့နဲ့တွေ့ ခွင့်မရတော့ဘဲ အဆက်အသွယ်ပြတ်နေတာ တနှစ်ခွဲနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၇၂ နှစ်အရွယ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ စစ်ကောင်စီက တောင်ငူထောင်မှာ ထိန်းသိမ်းခဲ့ပြီး ပုဒ်မ (၆) ခုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ထားပါတယ်။ 

အခု မြန်မာနှစ်ဆန်းတရက်နေ့မှာ နိုင်ငံတဝန်း အကျဉ်းထောင်တွေရှိ အကျဉ်းသား ၃၃၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး ပေးရာမှာ အများစုက လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ပြီး အများစုက ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ  ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013