DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အပြီး ထိုင်းပြန်လာမည့် အလုပ်သမားများ သတိထားသွားလာရန် အကြံပြုတိုက်တွန်း
DVB
·
April 16, 2024
သင်္ကြန်အပြီး ထိုင်းပြန်လာမည့် အလုပ်သမားများ သတိထားသွားလာရန် အကြံပြုတိုက်တွန်း
1 / 3
Donate to DVB

သင်္ကြန်ကာလအပြီး မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပြန်လာမယ့်သူတွေအတွက် မြဝတီ- မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတား ဖွင့်ထားပေမဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ လုံခြုံရေး သတိထားပြီး ပြန်လာသင့်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သင်္ကြန်ကာလမှာ နေရပ်ပြန်နိုင်ဖို့အတွက် ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်အထိ နိုင်ငံဖြတ်ကျော် တံဆိပ်တုံးထုခ (Re-entry) ကြေး ပေးဆောင်စရာ မလိုဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက မတ် ၁၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်တာနဲ့ စစ်ရေးပဋိပက္ခတွေ ရှိတာကြောင့် ဒီနှစ်မှာတော့ နေရပ် ပြန်သူတွေ နည်းပါးပြီး ထောင်ဂဏန်းလောက်ပဲ ရှိတယ်လို့ မြန်မာအလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

မြဝတီမြို့မှာလည်း KNLA နဲ့ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်နေပါတယ်။

လက်ရှိ အခြေအနေတွေအရ မြန်မာနိုင်ငံဘက် နေရပ်ပြန်ပြီး ထိုင်းနိုင်ငံဘက် ပြန်ဝင်ရောက်မယ့်သူတွေ လုံခြုံရေးကို သတိထားသင့်တယ်လို့ အလုပ်သမားအရေးအဖွဲ့တွေက ပြောပါတယ်။

ရောင်ခြည်ဦး အလုပ်သမားအခွင့်အရေး အစည်းအရုံးမှ မသူဇာကြိုင်က “မြဝတီ အခြေအနေက အားလုံးသိတဲ့အတိုင်းပဲ။ အခုချိန်ထိက ငြိမ်နေတယ်ဆိုပေမဲ့ ဘာမှ တိတိကျကျ သတင်းထုတ်ပြန်တာ မရှိသေးဘူး။ အခုက သိရသလောက်က တံတားပေါ်မှာ ဖြတ်သန်းလာတဲ့အခါမှာလည်း CDM တွေ ဟုတ်လား မဟုတ်လား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဟုတ်လား မဟုတ်လား ဆက်လက် စစ်ဆေးနေဆဲပေ့ါ။ ပြီးတော့ တံတားဘက်ခြမ်း မြန်မာဘက်မှာ ရှိတဲ့သူတွေကလည်း အရင် စကစ လက်အောက်က သွားနေသူတွေပဲ ဖြစ်တဲ့အတွက် ပြန်လာတဲ့အလုပ်သမားတွေရဲ့ လုံခြုံရေးက ဘယ်လိုဖြစ်မလဲ ကျမတို့လည်း မပြောတတ်ဘူး။ ပြောရမယ်ဆိုရင် လုံခြုံရေးက သိပ်စိတ်မချရသေးတဲ့ အနေအထား မဟုတ်ဘူး။ ပြီးရင် အခုက မြဝတီမှာ ဒီတံတားပေါ်က ဖြတ်လာမယ်ဆိုရင် အရင်လိုမျိုး လွယ်ကူတဲ့ အနေအထား မဟုတ်ဘူးဆိုတော့ တရားမဝင် လမ်းကြောင်းတွေကနေပဲ ဝင်လာဦးမလားလို့ စောင့်ကြည့်ရမယ်။ အဲဒီဘက်က အခြေအနေတွေကလည်း သိပ်မတည်ငြိမ်တော့ ပြောရခက်တယ်။ အခု ပြန်ပြီး ဝင်လာတယ်ဆိုတဲ့ သတင်းတွေတော့ မကြားသေးဘူး”လို့ ပြောပါတယ်။

မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သင်္ကြန်ကာလ နေရပ်ပြန်နိုင်ရေး ထိုင်းအစိုးရက အခုလို လျှော့ပေးခဲ့တာပါ။

ဒီအစီအစဉ်မှာတော့ ၂၀၂၄ မေ ၁၅ ရက်အထိ နေထိုင်ခွင့် သက်တမ်းကျန်တဲ့ အလုပ်သမားတွေနဲ့ သူတို့ သားသမီး မိသားစုဝင်တွေ အကျုံးဝင်ပြီး ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့် Non L-A visa ရရှိထားသူတွေ ပါဝင်ပါတယ်။

မေ ၁၅ ရက်နောက်ပိုင်း ပြန်ဝင်ရောက်မယ့် အလုပ်သမားတွေကတော့ ပြန်လည် ဝင်ရောက်ခွင့်ကို ပုံမှန်အတိုင်း တင်ပြရမှာဖြစ်ပြီး လိုက်နာမှုမရှိရင် ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် ရပ်စဲသွားမယ်လို့ သိရပါတယ်။

ဒီနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းကို နေရပ်ပြန်သူ ခါတိုင်းနှစ်တွေထက် သိသိသာသာ နည်းပါးသွားတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ပုံမှန်ဆိုရင် မဲဆောက်-မြဝတီ အမှတ် (၁) ချစ်ကြည်ရေး တံတားဂိတ်ကနေ နှစ်စဉ် သောင်းနဲ့ချီပြီး နေရပ်ပြန်ကြပေမဲ့ ဒီနှစ်မှာတော့ နေရပ်ပြန်သူ နည်းပြီး၊ ပြန်ဝင်လာမယ့်သူတွေက OWIC အလုပ်သမားကတ်နဲ့ စမတ်ကတ် အထောက်အထားတွေလည်း ပြသဖို့ လိုတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဦးမိုးကြိုးက “ပြန်တဲ့လူကတော့ ထောင်ဂဏန်းလောက်တော့ ရှိနေတာပဲလေ။ အမှတ် ၁ တံတားကလည်း ပိတ်ထားခြင်း မရှိဘူး။ အမှတ် ၂ တံတားမှာလည်း ခလရ ၂၇၅ ကလည်း ယူနီဖောင်းနဲ့ ဆယ်ဂဏန်းလောက် မဲဆောက်ကို ရောက်နေကြတယ်။ အခုလို ရှုပ်ထွေးနေတဲ့ စိတ်မသက်သာရာဖြစ်တဲ့ အခြေအနေမှာ နေရပ်ပြန်တဲ့သူတွေ ရှိတယ်။ ထိုင်းကနေ မြန်မာနိုင်ငံပြန်ပြီး ပြန်ဝင်မှာပေါ့။ အစောကြီးကတည်းက ကာလဒေသံ ကြည့်ကြပါ။ ထိုင်းမှာပဲ ပိုနေမြဲ ကျားနေမြဲ၊ ထိုင်းမှာလည်း ပျော်ရွှင်စရာ ရှိပါတယ် ပြောပြီးသား။ အဲဒီကြားထဲကနေ ဇွတ်အတင်း ပြန်ကြသူတွေ မကြာခင် ပြန်လာကြတော့မယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်လေ ပြန်ဝင်လာတော့လည်း ဒီထိုင်းနိုင်ငံက ကြိုဆို လက်ခံရမှာပေါ့။ သူတို့ လုပ်ငန်းခွင်အသီးသီး ပြန်ဝင်ဖို့ ခရီးအဆင့်ဆင့် လာကြရမှာပဲလေ။ စမတ်ကတ် လုပ်လာမယ်ဆိုရင် ဝင်လို့ ရပါတယ်။ OWIC ကတ် စမတ်ကတ် ရှိနေရင် ဝင်လို့ရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ ပြည်တွင်းမှာ လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးတာကြောင့် နေရပ်မပြန်ရဲကြတာလို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

ပုံမှန်ဆိုရင် တရားဝင်ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကနေ ထွက်ခွာပြီးရင် ပြန်လည်ဝင်ရောက်ဖို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ ဗီဇာကြေး ဘတ်ငွေ ၁၀၀၀ ကျော် ပေးဆောင်ရတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလမတိုင်ခင်ကတော့ သင်္ကြန်ကာလရောက်ပြီဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလုပ်သားတွေဟာ မဲဆောက်-မြဝတီလမ်းကနေ နေရပ်အသီးသီး ပြန်ခဲ့ကြပြီး စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ နေရပ်ပြန်သူ အရေအတွက် သိသိသာသာ နည်းသွားတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောဆိုကြပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013