DVB Logo
Home
မြန်မာသတင်း
လေယာဉ်ဆီ ဖြတ်တောက်ပေးရန် ကုလလုံခြုံရေးကောင်စီက အတည်မပြုသည့်အပေါ်  NUG ဝေဖန်
DVB
·
April 16, 2024
လေယာဉ်ဆီ ဖြတ်တောက်ပေးရန် ကုလလုံခြုံရေးကောင်စီက အတည်မပြုသည့်အပေါ်  NUG ဝေဖန်
Donate to DVB

မြန်မာစစ်တပ်ကို လေယာဉ်ဆီထောက်ပံ့ပေးမှု ဖြတ်တောက်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်မပြုတဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးက ဝေဖန်လိုက်ပါတယ်။

ဧပြီ ၄ ရက်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)က  မြန်မာစစ်တပ်ကို ဂျက်လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းခြင်းတွေကို ရပ်တန့်ပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ပထမဆုံးအကြိမ်အဖြစ် တောင်းဆိုချက်ကို လုံခြုံရေးကောင်စီက ဆွေးနွေးအတည်ပြုတာမျိုး မလုပ်ဆောင်တဲ့အပေါ် NUG လူ့အခွင့်အရေးဝန်ကြီးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဆွေးနွေးနေရုံ မလုံလောက်ဘဲ လုပ်ဆောင်မှုတွေပါဝင်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးဖို့ လိုအပ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လူ့အခွင့်အရေးကောင်စီမှာတော့ အမြင့်ဆုံးထိ ရောက်ရှိနေတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီထိမှာတော့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ခက်ခဲနေတာ တွေ့ရပါတယ်။ ဆွေးနွေးရုံနဲ့ မလုံလောက်တော့ပါဘူး။ အဓိက ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်နိုင်တာ လေယာဉ်ဆီရှိလို့ပဲ ဒီလေယာဉ်ဆီက ဘယ်ကနေလာလဲ စီးပွားရေးကူညီမှု၊ စစ်ရေးအရ ထောက်ပံ့မှုတွေက လာတယ်။ ဒါကို အမြန်ဆုံး ကျနော်တို့ လုပ်ဆောင်ဖို့ လိုအပ်တယ်။ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မှာ ပါတဲ့အတိုင်း လုံခြုံရေးကောင်စီမှာ တိတိကျကျ လိုက်နာဆောင်ရွက်နိုင်တဲ့ နောက်ထပ် ခွန်အားရှိတဲ့ လုပ်ဆောင်မှုပါဝင်တဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုက မဖြစ်မနေ လိုအပ်နေပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)က မြန်မာနိုင်ငံကို ဂျက်လေယာဉ်ဆီ တင်ပို့မှု အပါအဝင် လက်နက်၊ နည်းပညာ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေကိုပါ တင်ပို့မှု ရပ်တန့်စေရေးကို နိုင်ငံတကာက လိုက်နာဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။

တောင်းဆိုမှုတွေထဲ ဂျက်လေယာဉ်ဆီသာ ပါဝင်တာဖြစ်ပြီး ဘက်စုံသုံး လေယာဉ်ဆီတော့ မပါဝင်တာဖြစ်လို့ အပြီးသတ် လေယာဉ်ဆီဖြတ်တောက်ဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ရဲ့ တာဝန်ရှိသူက ထပ်မံ တောင်းဆိုပါတယ်။

“ဒီ UN မှာ လေယာဉ်ဆီ ပိတ်ဆို့တဲ့ကိစ္စအပေါ်မှာတော့ ကျမတို့ ထောက်ခံတယ် ကြိုဆိုတယ်ပေါ့။ ဒါပေမဲ့ ပျော့ပျောင်းတယ်လို့ ကျမတို့ မြင်တယ်။ လေယာဉ်ဆီ တင်ပို့တဲ့ နိုင်ငံအားလုံး လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီအားလုံး လေယာဉ်ဆီနဲ့ပတ်သက်ပြီး အာမခံပေးနေတဲ့ ကုမ္ပဏီတွေအားလုံး logistic လုပ်‌နေတဲ့ ကုမ္ပဏီတွေ အားလုံး၊ အားလုံးကို ကျမတို့ လိုက်ကြည့်ရမှာဖြစ်တယ်။ နောက် ရောင်းပေးနေတဲ့ နိုင်ငံကကုမ္ပဏီတွေ နောက်နိုင်ငံရဲ့ အစိုးရတွေအားလုံးက တချိန်တည်း တပြိုင်တည်း ဖြတ်တောက်ပစ်ဖို့ လိုတယ်ပေါ့။ လေယာဉ်ဆီ ပို့နေသရွေ့ ကျမတို့လူတွေ ထပ်သေနေဦးမှာ၊ လူသတ်နေဦးမှာ၊ ဒီကောင်တွေကို လူသတ်လက်နက် ပံ့ပိုးပေးနေတဲ့ နိုင်ငံအားလုံး ကုမ္ပဏီအားလုံးက ချက်ချင်းရပ်တန့် ဖြတ်တောက်ဖို့အတွက် ဒီဟာကို ကျမအနေနဲ့ အဆိုပြုချင်တယ်၊ တိုက်လည်းတိုက်တွန်းချင်ပါတယ်။”

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ဦးဆောင်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုဆန့်ကျင်တဲ့ လှုပ်ရှားမှု “စက္ကူလေယာဉ်သပိတ်” ကိုလည်း  ဧပြီ ၁၇ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

NUG နဲ့ Blood Money ကန်ပိန်းရဲ့ စစ်တမ်းတွေအရ စစ်တပ်က အာဏာသိမ်းစကနေ ၂၀၂၄ မတ်လအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၈၃၂ ကြိမ် ကျူးလွန်ခဲ့ပြီး ပျမ်းမျှအားဖြင့် နေ့စဉ်မပျက် လေကြောင်းက တိုက်ခိုက်မှုတွေရှိနေခဲ့တာ ဖြစ်တယ်။

လေကြောင်းတိုက်ခိုက်မှုရဲ့ ၃ ပုံ ၁ ပုံဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး ဘာသာရေး အဆောက်အဦ ၁၆၆ ခု၊ စာသင်ကျောင်း ၁၀၁ ခုနဲ့ ဆေးရုံ ၃၄ ခု ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013