
ပါပူအာ နယူးဂီနီနိုင်ငံ၊ မာနုစ်ပြည်နယ်မှာ ရေအောက်မီးတောင်ပေါက်ကွဲပြီးနောက် မီးတောင်ရဲ့ ချော်မြှုပ်ရည် ကျောက်ခဲလေးတွေ ပိတ်ဆို့နေတဲ့ ရေပြင်ပေါ်မှာ ဒေသခံတွေ စက်လှေ၊ ကနူးလှေတွေကို ရုန်းကန်လှော်ခတ်နေရပါတယ်။
ပါပူအာ နယူးဂီနီနိုင်ငံရဲ့ ဘစ်စမာ့ခ် ပင်လယ်ပြင်ထဲမှာ မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်လာတဲ့ မီးတောင်ချော်မြှုပ် ကျောက်ထုထည်ကြီးဟာ ဒေသတွင်း အဓိကရေလမ်းကြောင်းဖြစ်တဲ့ လိုနီအူး ရေလက်ကြားမှာ လှေတွေကို ပိတ်ဆို့ထားပြီး၊ ငါးဖမ်းကွက်တွေကို ပျက်စီးစေတဲ့အပြင် စားနပ်ရိက္ခာ ပြတ်လပ်မှာကိုပါ စိုးရိမ်စိတ်တွေ တိုးပွားစေတယ်လို့ မာနုစ်ကျွန်းပေါ်ရှိ ကျေးလက်ကမ်းရိုးတန်း လူထုခေါင်းဆောင်တွေက ပြောပါတယ်။
ဇွန် ၄ ရက်က ဥရောပသမဂ္ဂရဲ့ ကိုပါနိကပ်စ် ဆန်တီနယ်လ်တူးကနေ ရိုက်ကူးထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာ မီးတောင်ပေါက်ကွဲတဲ့နေရာ အပေါ်စီးမှာ မီးတောင်မီးခိုးငွေ့တန်းတွေကို တွေ့ရပြီး အနောက်မြောက်ဘက်မှာတော့ ချော်မြှုပ်ကျောက်တွေကို တွေ့ရပါတယ်။
အခုထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ ဒီမီးတောင်ပေါက်ကွဲမှုဟာ မေ ၈ ရက်က ကျွန်းရဲ့ အရှေ့တောင်ဘက် ၁၂၅ ကီလိုမီတာအကွာမှာ စတင်ခဲ့တာဖြစ်ပြီး၊ အဲဒီနေရာကနေ ရေပေါ်မျောနေတဲ့ ချော်မြှုပ်တွေနဲ့ အရောင်ပြောင်းနေတဲ့ ရေတွေ အပြင်ဘက်ကို စီးထွက်လာတာကို နာဆာ (NASA) ရဲ့ ဂြိုဟ်တုစောင့်ကြည့် လေ့လာချက်တွေက ပြသနေပါတယ်။
ချော်မြှုပ်ထုတွေဟာ ဂတ်စ်ဓာတ်ငွေ့ ကြွယ်ဝတဲ့ ချော်ရည်တွေဟာ သင့်တော်တဲ့ ရေအနက်မှာ ပေါက်ကွဲပြီး အမြှုပ်ထ၊ ရေပေါ်ပေါ်လာတဲ့ အခါမှသာ ဖြစ်ပေါ်တတ်တာပါ။ ဒါဟာ သူ့အလိုလိုတော့ အန္တရာယ်မရှိလှပေမဲ့ အကျိုးအပဲ့ အမှိုက်သရိုက် ပမာဏဟာ ရေကြောင်းသွားလာရေး လုပ်လို့မရနိုင်လောက်အောင်ကို အလွန်အမင်း များပြားနေတာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် အစိုးရဘက်က ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။
ပါပူအာနယူးဂီနီ ဝန်ကြီးချုပ် ဂျိမ်းစ်မာရာပီက ဒီရေအောက်လှုပ်ရှားမှုကို စစ်ဆေးအကဲဖြတ်ဖို့ သက်ဆိုင်ရာ အေဂျင်စီတွေကို ညွှန်ကြားထားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
Source:Reuters










