DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ကျန်းမာရေးစောင့်ရှောက်ရန် MSF အဖွဲ့ အစိုးရနှင့် သဘောတူ လက်မှတ်ထိုး
DVB
·
September 12, 2014
Donate to DVB

ရခိုင်ပြည်နယ်ကနေ ဒီနှစ်ဆန်းပိုင်းတုန်းက ထွက်ခွာခဲ့တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်)ဟာ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ အစိုးရနဲ့ တရားဝင် စာချုပ်ချုပ်လိုက်တာကြောင့် မကြာခင်ကာလမှာ လုပ်ငန်း စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

MSFစက်တင်ဘာ ၈ ရက်နေ့က နေပြည်တော်မှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမ်အက်စ်အက်ဖ် ကိုယ်စားလှယ် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး စာချုပ်သက်တမ်း ၂ နှစ်အတွင်း ချင်း၊ ကချင်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းတို့နဲ့အတူ ရခိုင်ပြည်နယ်မှာပါ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါ တယ်။

ဒီသဘောတူညီချက်အရ အမ်အက်စ်အက်ဖ်က ပြည်နယ်နဲ့ တိုင်းဒေသတချို့မှာ ငှက်ဖျား၊ အေအိုင်ဒီအက်စ်၊ တီဘီရောဂါနဲ့ မိခင်ကလေးစောင့်ရှောက်ရေးလုပ်ငန်းတွေ ကုသလုပ်ဆောင်ပေးဖို့ အမေရိကန် ဒေါ်လာ ၂၉ သန်း ၇ သိန်းနီးပါး သုံးစွဲသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဦးဝင်းမြိုင်က အမ်အက်စ်အက်ဖ် ပြည်နယ်ထဲ ပြန်ဝင်ပြီး အလုပ်လာလုပ်ရင် ပြည်နယ်အစိုးရနဲ့ သဘောတူစာချုပ် လက်မှတ်ထိုးရအုန်းမယ်လို့ ပြောပါ တယ်။

“အခုဟာက ရခိုင်ပြည်နယ်မှာလုပ်ဖို့ အမ်အိုယူ ပြန်ထိုးတာပါ။ အဲဒါ ထိုးပြီးလို့ ရှိရင် ပြည်နယ် အစိုးရနဲ့ ထိုးဖို့ ရှိပါသေးတယ်။ အဲဒါပြီးမှ သူတို့ လုပ်ငန်းလုပ်မယ်ဆိုရင် အီးစီစီ ညှိပြီးမှ အီးစီစီရဲ့ ဆုံးဖြတ်အတိုင်း လုပ်ရမှပါ။”

သူပြောသွားတဲ့ အီးစီစီဆိုတာ ပြည်နယ်အဆင့် အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေး စင်တာဖြစ်ပြီး အဲ့ဒီအဖွဲ့က ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်း လုပ်ဆောင်နေကြတဲ့ အိုင်အန်ဂျီအိုအဖွဲ့တွေကို စိစစ်ခွင့်ပြုပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ပြည်နယ် အီးစီစီအဖွဲ့ဝင်တဦးဖြစ်တဲ့ စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြည်နယ်ထဲက အိုင်အန်ဂျီအိုအဖွဲ့တွေဟာ ဘာလုပ်မယ်ဆိုတာကို သူတို့အဖွဲ့ထံ တင်ပြပြီးမှ လုပ်ရတယ်လို့ ပြောပါတယ်။

“ပြည်နယ်အဆင့် အီးစီစီအနေနဲ့ကတော့ အိုင်အန်ဂျီအို တွေရဲ့ လုပ်ငန်းဆောင်တာတွေကို အပတ်စဉ် သူတို့ ဘယ်နေရာကို သွားမယ်၊ ဘာတွေလုပ်မယ်ဆိုတာကို အီးစီစီကို အပတ်စဉ် တင်ပြတယ်။ အဲဒီတင်ပြတဲ့အတိုင်းပဲ လုပ်ဆောင်ရတယ်။ ဒါက အီးစီစီ လုပ်တဲ့ အလုပ်ပါ။”

နယ်သာလန်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းကြီး ဖြစ်တဲ့ အမ်အက်စ်အက်ဖ်အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ရာမှာ လူများစု ရခိုင်ဗုဒ္ဓဘာသာတွေထက် မွတ်စလင်တွေအပေါ် အလေးပေးတယ်လို့ စွပ်စွဲခံရပြီး ဒေသခံတွေ ဆန္ဒပြခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွင်းမှာ ရခိုင်ပြည်နယ်ထဲက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013