
ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေကနေ အခွန်မှန်မှန်ကန်ကန် ကောက်ခံနိုင်အောင် နေ့စဉ်၊ လစဉ် ရောင်းချရ ဆီဂါလံနဲ့ တန်ဖိုးတွေ ဘယ်လောက် ရှိတယ်ဆိုတာ တိတိကျကျ သိနိုင်အောင် အကောင်အထည် ဖော်နေတယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန ရန်ကုန်တိုင်းရုံးက ဦးစီးအရာရှိ တယောက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
ဆီဘယ်လောက် ရောင်းတယ်ဆိုတာ တိတိကျကျ သိနိုင်အောင် မီတာ ဖတ်သလို ဖတ်နိုင်၊ မှတ်နိုင်မယ့် စက်တမျိုး ဆီဆိုင်တိုင်း တပ်ဆင်မှာ ဖြစ်ပြီး အဲဒီ စက်တပ်ဆင်ပေးနိုင်မယ့် ကုမ္ပဏီတွေကို တင်ဒါ ခေါ်ထားတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ပုဂ္ဂလိကဆီဆိုင်တွေကို အစိုးရက ဖြန့်ပေးတဲ့ ဆီအပေါ်မှာ ၅ ရာခိုင်နှုန်းနဲ့ ပြည်ပက တင်သွင်းတဲ့အပေါ် ၁၀ ရာခိုင်နှုန်း ကောက်ခံနေတယ်လို့ သူက ရှင်းပြပါတယ်။











