DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ ကရင်နီစစ်ဘေးရှောင်များ ဗုံးခိုကျင်းထဲ ဖြတ်သန်းနေရ
DVB
·
April 14, 2024
သင်္ကြန်ကာလ ကရင်နီစစ်ဘေးရှောင်များ ဗုံးခိုကျင်းထဲ ဖြတ်သန်းနေရ
Donate to DVB

ကရင်နီ(ကယား) ပြည်နယ်မှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ ရေရှားပါးမှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စိုးရိမ်ရတာကြောင့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလကို ဗုံးခိုကျင်းတွေထဲမှာပဲ ဖြတ်သန်းနေကြရပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတခုမှာ စစ်ဘေးရှောင်သူတွေဟာ ရေရှားပါးမှုကြောင့် သင်္ကြန်ပွဲတော် မဆင်နွှဲနိုင်သလို စစ်ကောင်စီတပ်က လေကြောင်းကနေ ကင်းထောက် ပျံ၀ဲနေတယ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတဦးက "ဒီဟာ (သင်္ကြန်)နဲ့ပတ်သက်ပြီးရင် ဘာအစီအစဉ်မှတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆို သင်္ကြန်ဆိုတာကသိတယ် ဒါပေမဲ့ ရေလည်းရှားတော့ လုံး၀မစဉ်းစားဖြစ်ပါဘူး။ စိတ်ထဲမှာတော့ နှစ်သစ်ရောက်တော့ ပျော်တာပေါ့။ ကျမတို့ဆီကျတော့ ဒုက္ခလည်းရောက်နေတယ်။ သူတို့ (စစ်တပ်)လေယာဉ်နဲ့ လာပစ်တာတွေပေါ့၊ အဲဒါကို သူတို့ကျတော့ သူတို့မိသားစုတွေနဲ့ ပျော်ပျော်ပါးပါးနေတာ မမျှတပါဘူး။ စိတ်ထဲတော့ မကျေနပ်ဘူး။ တခြားတော့ ဘာမှ အစီအစဉ်မရှိဘူး။ မိသားစုနဲ့အတူ ၀တ်ပြုဆုတောင်းသွားမယ်။ လေယာဉ်လာကြဲရင်​ ဗုံးခိုကျင်းထဲ ၀င်မယ်။ တခြားသော ပြည်သူတွေလည်း အေးအေးချမ်းချမ်း ဖြစ်ဖို့  ဆုတောင်းနေပေးကြပါ။”

စစ်ကောင်စီက လေကြောင်းကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာစခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စစ်ရှောင်တွေဟာ သကြင်္န်ပွဲတော်အတွက် ထူးထူးခြားခြားလုပ်သွားဖို့ မရှိတဲ့အတွက် သင်္ကြန်အငွေ့အသက်တွေရရှိဖို့နဲ့ အစီအစဉ်တွေ ပြုလုပ်ပေးဖို့ရှိတယ်လို့ စစ်ဘေးရှောင်ကူညီသူတဦးက  DVB ကို ပြောပါတယ်။

Karenni Hope တာ၀န်ခံ ကိုလွမ်းက “သင်္ကြန်ဆိုတာကတော့ ဒီမြေပြင်မှာရှိနေတဲ့ စစ်ရှောင်တွေအတွက်တော့ နာမည်တခုပဲ ကျန်ခဲ့တာပါပဲ။ ကျနော်တောင် ၁၃ ရက်နေ့ သင်္ကြန်ဆိုတာ ဒီမနက်မှပဲ သတိထားမိတယ်။ မနေ့ကတော့ အကြိုအတွက် အလှူရှင်တွေ လာလှူကြတာ ရှိတယ်။ သူတို့ကို စိတ်ခွန်အားပေးချင်တယ်။ အဓိကကတော့ ကလေးတွေပေါ့၊ သင်္ကြန်ဆိုတာ ပျော်စရာကောင်းတယ်ဆိုတဲ့ အငွေ့အသက်လေးတွေတော့ မနေ့က ဖန်တီးပေးခဲ့တယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ရတာ ၃ နှစ်ပြည့်လာခဲ့ပြီဖြစ်တာကြောင့် သင်္ကြန်ကာလပျော်ဖို့ ထူးထူးခြားခြား မရှိတဲ့အပြင် မိတ်ဆွေတွေ နေရပ်ပြန်တာကြောင့် လိုက်ပြန်ချင်ပေမဲ့လည်း မီးရှို့ခံရတာကြောင့် ပြန်စရာ အိမ်မရှိတော့သူတဦးက သင်္ကြန်ကာလ ခံစားချက်ကို ပြောပြပါတယ်။

“ဒီသင်္ကြန်က စိတ်ပဲရှိပါတော့တယ်။ အခက်အခဲတွေ များစွာရှိတယ်ပေါ့။ ဒီနေ့ ဘယ်လို ဖြတ်သန်းမလဲ။ ဒီည ဘယ်လိုဖြစ်ရမလဲ မိုးလင်းတာလား ဪ မိုးလင်းပြီပေါ့၊ မိုးချုပ်တာလား မိုးချုပ်ပြီပေါ့။ ဪ လုံခြုံပါတယ်။ မနက်ဖြန်ရော ဘယ်လိုဖြစ်မလဲ အမျိုးမျိုးစိုးရိမ်တာပေါ့ အမျိုးမျိုးပူပန်တာပေါ့။ တရက် တရက် အဲဒီလိုနဲ့ ဖြစ်သွားတာ ၃ နှစ်တောင်ဖြစ်တော့မှာ။ သူများနေရင် ကိုယ်လည်း ဒီမှာဆက်နေမယ်ပေါ့။ ဒါပေမဲ့ သူများပြန်ရင်ကိုယ်လည်း ပြန်ချင်ပေမဲ့ ပြန်စရာအိမ်ကလည်’ မရှိတော့ဘူး။"

မြန်မာသက္ကရာဇ် နှစ်ဟောင်းကို စွန့်လွှတ်ပြီး နှစ်သစ်ကို ကြိုဆိုတဲ့ တန်ခူးလဆန်းမှာ ရေကစားတာ၊ တရားဘာဝနာပွားတာ၊ သက်ကြီးရွယ်အိုတွေကို ခြေသည်းလက်သည်း ညှပ်ပေးတာ၊ အတာအိုးထိုးတာနဲ့ လူမျိုး ဘာသာမရွေး သုံးဆောင်နိုင်တဲ့ စတုဒိသာ ကျွေးတာတွေကို သင်္ကြန်ပွဲတော်မှာ ပြုလုပ်လေ့ရှိပါတယ်။

၂၀၁၉ ခုနှစ်က စတင်ကာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့  ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းယူခဲ့တာကြောင့် မြန်မာပြည်တွင်းမှာရှိတဲ့ မြို့ကြီးတွေမှာ သင်္ကြန်ပွဲ စည်စည်ကားကား မကျင်းပတာ ၅ နှစ်လောက် ရှိပြီ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်က စတင်ကာ ဒေသတွင်း တော်လှန်ရေးတပ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ စစ်မက်ဖြစ်ပွားနေတာ ၃ နှစ်ကျော်ကာလထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒေသခံပြည်သူ ၃ သိန်းလောက်  စစ်ဘေးတိမ်းရှောင်နေကြရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013