DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် ကရင်နီရိုးရာတံခွန်တိုင်ပွဲ ပြုလုပ် (ဓာတ်ပုံ)
DVB
·
April 12, 2024
ဒီးမော့ဆိုတွင် ကရင်နီရိုးရာတံခွန်တိုင်ပွဲ ပြုလုပ် (ဓာတ်ပုံ)
1 / 16
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းတနေရာမှာ တိုက်နယ်အဆင့် ရိုးရာ ကေ့ထျိုးဘိုး (တံခွန်တိုင်) ပွဲတော်ကို ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေက ပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၁၂ ရက် ဒီနေ့မနက်က စတင်ပြုလုပ်ခဲ့ကြပြီး ပွဲတော်ကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေ၊ ယဉ်ကျေးမှုအဖွဲ့တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ တက်ရောက်ခဲ့ကြပါတယ်။

ပွဲစီစဉ်သူ ကော်မတီဝင်တဦးက “အဓိကကတော့ ကျနော်တို့ ကရင်နီပြည်နယ် မိုးလေဝသ မှန်ဖို့လိုတယ်၊ ဆန်ရေစပါး ပေါဖို့လိုတယ်၊ သီးနှံလယ်ယာတွေ ဖြစ်ထွန်းဖို့လိုတယ်၊ ရောဂါတွေ ကင်းနေဖို့ လိုပါတယ်။ ပြီးတော့ ကျနော်တို့တိုင်းပြည်ကြီး ငြိမ်းချမ်းသာယာဖို့ လိုအပ်တယ်။ အဲဒါကြောင့် ပထမဆုံး ကြက်ရိုးထိုးပြီးမှ ဒီရိုးရာပွဲတော်ကို ကျင်းပတာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ပွဲတော်ကို အရင်က နှစ်စဉ် စည်စည်ကားကားနဲ့ ကျင်းပနိုင်ခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်က စတင်ကာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် အရင်လိုမျိုး ကျင်ပခွင့်မရတာ ၅ နှစ်ရှိပြီလို့ တိုက်နယ်အကြီးအကဲတဦးက ပြောပါတယ်။

“ဒီပွဲတော်ကို တိုက်နယ်အဆင့် ကျင်းပကြတာဆိုတော့ အရင်ကဆိုရင် ဘောလုံးပွဲလို ဘော်လီဘောပွဲ အားကစားတွေ၊ ယဉ်ကျေးမှုရိုးရာအကတွေ တရွာနဲ့တရွာ ပြိုင်တာမျိုး အများကြီးပေါ့။ အခုကတော့ ၅ နှစ်ရှိပြီ အကျဉ်းချုံးပြီးပဲ လုပ်နေရတာ။ ရိုးရာဆိုတာ မပျောက်ပျက်သင့်ဘူး၊ ရိုးရာကို မေ့ထားလို့မရဘူး။”

တံခွန်တိုင်ပွဲကို ကယား၊ ကယော၊ ကယန်း၊ ယင်းတလဲ၊ ဂေဘား၊ မနော၊ ကရင်နီ စတဲ့ တိုင်းရင်းသား ၉ မျိုးလုံးက ရိုးရာအဖြစ် ဆင်နွှဲလေ့ရှိပြီး ဒီကနေ့ပွဲဟာ ၂၅ ကြိမ်မြောက် ဖြစ်ပါတယ်။

ဒီနေ့ပွဲကို တိုက်နယ်အတွင်းက တိုင်းရင်းသားလူမျိုးပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ရေခြားမြေခြား ရောက်နေသူတွေကိုလည်း ကျန်းမာရေးကောင်းမွန်စေဖို့ ဆုတောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ကေ့ထျိုးဘိုး (တံခွန်တိုင်) ပွဲတော်ကို နှစ်စဉ် တန်ခူးလဆန်းနဲ့ ကဆုန်လတွေမှာ ကျင်းပလေ့ရှိပြီး တံခွန်တိုင်ပွဲပြုလုပ်ဖို့ တံခွန်တိုင်ထူမယ့်သစ်ပင်ကို ကြက်ရိုးထိုးကာ ရွေးချယ်ကြရပြီး သစ်ပင်ခုတ်ဖို့အတွက် တအိမ်တယောက် ရေဘူးကိုယ်စီနဲ့ လိုက်ပါကြရကာ သစ်ပင်တွေ့ရှိတာနဲ့ သစ်ပင်ကို ခုတ်လှဲပြီး တံခွန်တိုင်လုပ်ဖို့ လိုသလောက် အတိုအရှည် တိုင်းထွာဖြတ်တောက်ပြီးနောက် သစ်လုံးကို နွယ်ကြိုးတွေ၊ ဝါးလုံးတွေနဲ့ ချည်နှောင် ထမ်းပိုးကြရပါတယ်။

တံခွန်တိုင်သစ်လုံးကို သယ်ယူရာမှာလည်း မည်သည့်ယာဉ်ကိုမှ အသုံးပြုလို့မရကြောင်း၊ သတ်မှတ်နေရာ ရောက်ပါက အသင့်ပြင်ဆင်ထားတဲ့ ခေါင်ရည်နဲ့ စားသောက်ဖွယ်တွေကို ကျွေးမွေးပြီးနောက် ရေစင်ပတ်ဖျန်းကာ ၃ ရက်ထားရပြီး ပွဲကျင်းပမယ့်နေ့ မနက်ပိုင်းမှာ ရေနတ်စာ ကျွေးပြီး မိုးခေါ်ကြရပါတယ်။

ယောက်ျားလေးတွေက တအိမ်တယောက်စီစုပြီး ခြုံစောင်အနီတထည်၊ ပေါက်ပေါက်၊ သပြေရွက်၊ ဝါးကြက်လျှာ၊ စက္ကူကြက်လျှာ၊ ခေါင်ရည်၊ ငှက်ပျောသီးတွေ ယူဆောင်ပြီး အတီးအမှုတ်တွေနဲ့ နတ်ပူဇော်ဖို့ ထွက်ကြရကာ ရေထွက်ပေါက်မှန်သမျှကို ငှက်ပျောသီးတလုံး၊ ပေါက်ပေါက်၊ သပြေရွက်၊ နှီးနဲ့ထိုးထားတဲ့ ဝက်သားတုံး၊ ဝါးဘူးငယ်နဲ့ ထည့်ထားတဲ့ ခေါင်ရည်တို့ကို စိုက်ထားကာ နတ်စာကျွေးကြပြီး တံခွန်တိုင်ပွဲကို အဆုံးသတ်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013