DVB Logo
Home
မြန်မာသတင်း
မြဝတီ ခလရ ၂၇၅ ကို KNLA ပူးပေါင်းတပ်များ သိမ်းအပြီးမှာ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်
DVB
·
April 11, 2024
မြဝတီ ခလရ ၂၇၅ ကို KNLA ပူးပေါင်းတပ်များ သိမ်းအပြီးမှာ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းကို KNLA, PDF ပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်အပြီးမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၂ ကြိမ် လာရောက်ပစ်ခတ်သွားတယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက DVB ကို ပြောပါတယ်။

မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ တပ်ရင်းကို ဧပြီ ၁၀ ရက် ည ၁၀ နာရီလောက်မှာ KNLA, PDF ပူးပေါင်းစစ်ကြောင်းတွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးကာ တပ်မမှူးနဲ့ အင်အား ၂၀၀ ​လောက်က တပ်ရင်းကိုစွန့်ခွာကာ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားအနီးမှာ အခြေပြုထားခဲ့ပါတယ်။

ဒီနောက် ဧပြီ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ခလရ ၂၇၅ တပ်ဝင်းထဲကို ၂ ကြိမ် လာရောက်ပစ်ခတ်သွားတယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ Y12, Jetfighter နဲ့ ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးအနားက ဘာသာရေးအဆောက်အအုံတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စစ်သည်အင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ မြဝတီကိုလာနေတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သံချပ်ကာယာဉ်တန်းကိုလည်း တော်လှန်ရေးတပ်တွေက လမ်းမှာ ​ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်​နေတယ်လို့ တပ်မဟာ ၆ စစ်ဗျူဟာမှူးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာ ခိုလှုံခွင့်ရဖို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ထိုင်းအာဏာပိုင်တွေက လူသားချင်းစာနာမှုအနေနဲ့ လက်ခံသွားနိုင်ခြေရှိတယ်လို့ သွားရောက်စောင့်ကြည့်နေတဲ့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ မဲဆောက်မြို့ခံတဦးက ပြောပါတယ်။

ခလရ ၂၇၅ တပ်ရင်း သိမ်းပိုက်ခံရပြီးနောက် မြဝတီမြို့တွင်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီဝန်ထမ်းတွေကတော့ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ခလရ ၂၇၅ တပ်ရင်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က ၂ ဦး မစိုးရိမ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေဟာ မြို့ဝတီမြို့တွင်းဘက်ကို တိမ်းရှောင်သူတွေရှိသလို မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ဘက်ကို တိမ်းရှောင်သူ  ထောင်နဲ့ချီရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လူ ၂,၀၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ထိုင်းနိုင်ငံရဲ့ အနောက်ဘက် နယ်စပ်မြို့တလျှောက်မှာ ထိုင်းစစ်တပ်က လုံခြုံရေးတင်းကျပ် စောင့်ကြည့်နေပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013