DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းရှိ အပန်းဖြေကမ်းခြေများကို နိုင်ငံခြားခရီးသွားလာရောက်မှုနည်းပါး 
DVB
·
April 11, 2024
ဧရာဝတီတိုင်းရှိ အပန်းဖြေကမ်းခြေများကို နိုင်ငံခြားခရီးသွားလာရောက်မှုနည်းပါး 
Donate to DVB

ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေမှာ ပြည်ပခရီးသွား ဧည့်သည်တွေ လာရောက်မှု မရှိသလောက် ဖြစ်နေလို့ ခရီးသွားလုပ်ငန်းတွေ ထိခိုက်နေတယ်လို့ ဧရာဝတီတိုင်း ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်နေတာ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည်တွေ လာရောက်မှု နည်းပါးနေတာပါ။

ဧရာဝတီတိုင်းထဲက ပင်လယ် အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ငွေတောင် စတဲ့ ကမ်းခြေတွေကို ပြည်ပခရီးသွားဧည့်သည်တွေ လာရောက်မှု ကျဆင်းနေတာလို့ ပုသိမ်မြို့က ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ပြည်တွင်းဧည့်သည် ဘယ်လောက်လာလာ ပြည်ပခရီးသွား ဧည့်သည်လောက် ခရီးသွားလုပ်ငန်းတွေနဲ့ ဟိုတယ်လုပ်ငန်းတွေကို အကျိုးမဖြစ်စေဘူး။ အဲဒီတော့ ခရီးသွားတွေကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တွေက အဓိက အခက်အခဲ ဖြစ်နေတယ်။ ခရီးသွားဧည့်လမ်းညွှန်တွေလည်း ငုတ်တုတ်မေ့နေတာ။ ပြည်ပခရီးသွားတွေက မရှိသလောက်ကို ဖြစ်နေတာ။ အခုအခါ သင်္ကြန်ရက်နီးလာပြီ၊ ဘိုကင်ယူထားတဲ့ ပြည်ပခရီးသွားဧည့်သည် မရှိတော့ ဒုက္ခဖြစ်တယ်။ ပြည်တွင်းကလည်း မဖြစ်မနေလောက် လာတဲ့သူလောက်ပဲ ရှိတယ်။”

ဧရာဝတီတိုင်းက ကမ်းခြေတွေကို စစ်တပ်အာဏာမသိမ်းခင် အချိန်က တလကို ပျမ်းမျှ လူအယောက် ၅၀,၀၀၀ ထက်မနည်း လာရောက်လည်ပတ်ခဲ့ပြီး အာဏာသိမ်းပြီးနောက် ကမ်းခြေတွေကို ခရီးသွားတွေ လာရောက်မှု နည်းလာတာ၊ လုံခြုံမှုအားနည်းလာတာ၊ စီးပွားရေးတွေ ကျဆင်းလာပြီး အပန်းဖြေ အပျော်ခရီး မသွားနိုင်တော့တာ၊ စစ်ကောင်စီက ခရီးသွားတွေကို မှတ်ပုံတင်တောင်းယူပြီး တင်းတင်းကျပ်ကျပ် တိုက်ဆိုင်စစ်ဆေးနေတာ၊ စက်သုံးဆီဈေး တက်နေတာကြောင့် ခရီးသွားတွေကို ဝန်ဆောင်မှုပေးတဲ့ ရေယာဉ်၊ မော်တော်ယာဉ်စီးခတွေ ထိုးတက်နေတာ၊ စုပေါင်းလာတဲ့ အမျိုးသား လူငယ်တွေကို ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အဖွဲ့လိုက် တည်းခိုခွင့်မပေးတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့နယ် ဧည့်လမ်းညွှန်ခရီးသွားလုပ်ငန်းအဖွဲ့မှ လုပ်ငန်းရှင်တဦးက “ခရီးသွားလုပ်ငန်းတွေကို ဘယ်လောက်ပဲ စိတ်ဝင်စားဖို့လုပ်လုပ် ပရိုမိုးရှင်းနဲ့ခေါ်ခေါ် လာတဲ့သူတွေမရှိ၊ စိတ်ဝင်စားမှု အားနည်းနေတာ။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက တင်းကျပ်တဲ့ စစ်ဆေးချက်တွေနဲ့ အရင်လို စီးပွားရေးအခွင့်အလမ်းတွေ မကောင်းတော့တာ ကြောင့်ပါ။ လာမယ့်သင်္ကြန်ကာလကို အခြေအနေစောင့်ကြည့်ပြီး လုပ်မယ်၊ အခြေအနေမထူးရင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို ယာယီနားမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ ငွေတောင်ကမ်းခြေနဲ့ ချောင်းသာကမ်းခြေ စတဲ့ကမ်းခြေတွေကို လာတဲ့ အမျိုးသား ခရီးသွားဧည့်သည်တွေကို စစ်ကောင်စီတပ်က မကြာခဏ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတာကြောင့် ခရီးသွား လုပ်ငန်းကို အများဆုံး ထိခိုက်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းက ကမ်းခြေတွေမှာ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက လုပ်ငန်းလိုင်စင် ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ အလုံးရေ ၁၂၄ လုံးအထိရှိပြီး ပုသိမ်မြို့နဲ့ တခြားဒေသတွေမှာ ၄၈ လုံး၊ ငွေဆောင်ကမ်းခြေမှာ ၃၇ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေမှာ ၃၉ လုံးအထိ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013