DVB Logo
Home
မြန်မာသတင်း
ချင်းတော်လှန်ရေးအဖွဲ့များ ထိန်းချုပ်နယ်မြေတွင် အမျိုးသားအဆင့်အုပ်ချုပ်ရေး ဖော်ဆောင်မည်
DVB
·
April 9, 2024
ချင်းတော်လှန်ရေးအဖွဲ့များ ထိန်းချုပ်နယ်မြေတွင် အမျိုးသားအဆင့်အုပ်ချုပ်ရေး ဖော်ဆောင်မည်
Donate to DVB

ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပြည်သူတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်တွေနဲ့ လည်ပတ်နေတာ အရှိန်ရနေပြီး အမျိုးသားအဆင့် အုပ်ချုပ်ရေးကို လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။

ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားနိုင်တဲ့ ဒေသတွေမှာ အုပ်ချုပ်ရေးစနစ်တွေ လည်ပတ်နေတာ အရှိန်ရလာပြီး ပြည်သူတွေပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်တွေကနေ တဆင့် အမျိုးသားအဆင့် အုပ်ချုပ်ရေးကို လုပ်ဆောင်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNA/CNF) ဆီကနေ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးမြို့ ရိခေါဒါကို ချင်းတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကတည်းက ထိန်းချုပ်ထားပြီး ဒေသခံတွေဦးဆောင်တဲ့ ပြည်သူ့အုပ်ချုပ်ရေး ထူထောင်ထားပြီးတဲ့နောက် ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ ၉ မြို့မှာ ရိခေါဒါပုံစံ အုပ်ချုပ်ရေးတွေ လုပ်နေတာလို့  ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေအပါအဝင် အုပ်ချုပ်ရေးလုပ်ငန်းပိုင်းတွေ လုပ်ရာမှာ ပြည်သူ့ရန်ပုံငွေနဲ့လုပ်နေတာဖြစ်တဲ့အတွက်  အခက်အခဲတွေ ရှိတယ်လိုလည်း ပြောပြပါတယ်။

ဆလိုင်းထက်နီက “ကျနော်တို့က ခုချင်းပြည်မှာ သိမ်းလိုက်တဲ့ မြို့ ၉ မြို့ကို ဒေသခံ ကိုယ်တိုင် အုပ်ချုပ်ရေးပုံစံနဲ့ ဖော်ဆောင်နေတာဖြစ်တယ်။ ဖော်ဆောင်တဲ့နေရာမှာ မြို့တမြို့မှာ အဲ့ဒီကို လွှမ်းခြုံတဲ့ပုံစံနဲ့ဖော်ဆောင်တယ်။ အဲဒီကနေမှ ဒေသန္တရအဆင့် မြို့ပေါ်အုပ်ချုပ်ရေးစသဖြင့်ကနေ အုပ်ချုပ်ရေး စုစည်းမှုကို အမျိုးသား အဆင့်ဖော်ဆောင်ဖို့ တွန်းနေတာ ဖြစ်ပါတယ်။ ဒီအုပ်ချုပ်ရေးမှာ ပြည်သူ့ရန်ပုံငွေနဲ့ လုပ်နေတာဆိုတော့ အခက်အခဲတော့ အနည်းနဲ့ အများရှိတယ် စစ်ကောင်စီအုပ်ချုပ်ရေး လွှမ်းမိုးနိုင်မှုမရှိတဲ့နေရာတွေမှာ ဒေသခံတွေဖ ဖေါ်ဆောင်တဲ့အုပ်ချုပ်ရေးမျိုး ကျနော်တို့လုပ်ခဲ့တာကြာပြီပေါ့။ မြို့ကြီးတွေကလွဲလို့ပေါ့ ကိုယ်စိုးမိုးထားတဲ့နေရာတွေမှာ အုပ်ချုပ်ရေးက လည်ပတ်နေပါတယ်”လို့ ပြောပါတယ်။

ချင်းပြည်နယ်ကောင်စီကနေ တဆင့် ချင်းပြည်အစိုးရအဖွဲ့ကိုလည်း  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဖွဲ့စည်းခဲ့ပြီး အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းပြည်တည်ဆောက်ရေးနဲ့ ချင်းအမျိုးသား တပ်မတော်တည်ဆောက်ရေးအတွက် လုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကန်ပက်လက်မှာ တိုက်ပွဲပြင်းထန်နေပြီး ကျန်နေရာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြားပြောက်ကျားတိုက်ပွဲတွေသာ ရှိနေတယ်လို့  ချင်းအမျိုးသားတပ်ဦးက ဆိုပါတယ်။

အုပ်ချုပ်ရေးစနစ်တွေကို ဒေသခံတွေကိုယ်တိုင် နှစ်သက်ကြတဲ့ သဘောရှိပြီး ပုံမှန်လည်ပတ်နိုင်ပြီ ဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတော့ စိုးရိမ်နေကြရဆဲပဲလို့ ချင်းလူ့အခွင့်အရေးအဖွဲ့မှ Terah Thantluang  က ပြောပါတယ်။

“အုပ်ချုပ်ရေးတွေက ပုံမှန်လည်ပတ်နိုင်ပြီ ဒေသခံတွေပါဝင်တဲ့ အုပ်ချုပ်ရေးတွေပေါ့။ အခုချိန်ထိ အဆင်ပြေတယ်။ သူတို့ဟာ သူတို့ နှစ်သက်ကြတဲ့သဘောရှိတယ်။ အဓိကလုံခြုံရေးကတော့ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တွေက လုံခြုံရေးပိုင်းယူပေးကြတာပေါ့။ တခုရှိတာက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအရေးကတော့ မအေးသေးဘူးလို့ ပြောရမယ်။”

ပြီးခဲ့တဲ့ ၂၀၂၃  နိုဝင်ဘာ ၁၃ ရက်မှာ  အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ ရိခေါဒါကို စတင်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၄ ရက်မှာ လိုင်လင်းပီမြို့ကို သိမ်းနိုင်ခဲ့ကာ မြေပြင်လမ်းကြောင်းတွေကို စိုးမိုးထားနိုင်တာကြောင့် စစ်ကောင်စီအနေနဲ့ လေကြောင်းကနေသာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ပို့ဆောင်နေရပါတယ်။ 

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013