DVB Logo
Home
မြန်မာသတင်း
ဘီးလင်းထွေအုပ်ရုံး၊ ရေးခလရ ၁၀၆ နှင့် ပုလော၌ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
DVB
·
April 9, 2024
ဘီးလင်းထွေအုပ်ရုံး၊ ရေးခလရ ၁၀၆ နှင့် ပုလော၌ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဧပြီ ၉ ရက် မနက် ၉ နာရီ ၄၅ မိနစ်က ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"ပေါက်ကွဲသံကြားတာက ၃ ချက်ပါ။ ရုံးအဆောက်အဦလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်၊ လူ ထိခိုက်မှုတော့ မရှိဘူး” လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထွေအုပ်ရုံး အဆောက်အအုံ မျက်နှာကျက်နဲ့ သွပ်မိုး ပျက်စီးခဲ့တာပါ။ 

ဧပြီ ၉ ရက် မနက် ၁၀ နာရီခွဲလောက်ကလည်း စစ်ကောင်စီအခြေစိုက် မော့ကနင် ခလရ ၁၀၆ တပ်ရင်း လက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့ရပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသတယောက်က ပြောပါတယ်။

ရေးမြို့နယ် မော့ကနင် ခလရ ၁၀၆ တပ်ရင်းကို တော်လှန်ရေးအင်အားစုတွေက မကြာခဏ တိုက်ခိုက်လေ့ရှိပြီး အခုစစ်ကောင်စီတပ်ကို တိုက်ခိုက်တာနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးမှာ လှုပ်ရှားလာတဲ့ အင်အား ၂၈ ဦးပါ စစ်ကောင်စီ စစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။

ဧပြီ ၈ ရက်၊ မနက် ၆ နာရီဝန်းကျင်အချိန် ပလမြို့၊ ဇာဒီရပ်၊ ဝါကျောင်းအနီးမှာ လှုပ်ရှားလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက လက်ဦးမှုယူပြီး စတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “ကျနော်တို့ ကင်းပုန်းနေရာကို သူတို့စစ်ကြောင်းက ဝင်တိုးလာတာပါ။ အဲဒီမှာ ပစ်ခတ်ကြတာပေါ့။ သူတို့ဘက်က အထိအခိုက်များလို့ လက်နက်ကြီးပစ်ကူသုံးပြီး ပြန်ဆုတ်သွားတယ်။ သူတို့ဘက်က အင်းအား ၃၀ ဝန်းကျင်လောက်ဆိုတော့ ကင်းလှည့်ထွက်လာတာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီက ဆယ်ဦးခန့် ထိခိုက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတဦး (စိုးရိမ်ရ) ဒဏ်ရာရရှိကာ အရပ်သားတဦးလည်း (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အတိအကျကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“သူတို့ဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျနော်တို့ဘက်က ရဲဘော်တဦးမှာတော့ ရင်ညွှန့်မှာ ထိတယ်။ အရပ်သားမှာက ခြေနှစ်ဖက်စလုံးဖြတ်ရမယ့် အနေအထားမှာရှိတယ်။ လက်နက်ကြီးက ပလရဲစခန်းကနေပစ်တာပါ” လို့ ကိုအာနိုးက ဆက်ပြောပါတယ်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့၊ စစ်ကောင်စီရဲ့ ယာဥ်တန်းနောက်မှာ ကပ်မလိုက်ဖို့၊ ဗုံးခိုကျင်းတွေ တူးထားဖို့နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ အသိပေးထုတ်ပြန်ထားပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဘီးလင်းထွေအုပ်ရုံး၊ ရေးခလရ ၁၀၆ နှင့် ပုလော၌ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ