DVB Logo
Home
မြန်မာသတင်း
မဲဆောက်လေဆိပ်မှ ထွက်သွားသည့် မြန်မာလေယာဉ်တွင် ငွေထုပ်များပါသွားဟု သတင်းထွက်ပေါ် 
DVB
·
April 8, 2024
မဲဆောက်လေဆိပ်မှ ထွက်သွားသည့် မြန်မာလေယာဉ်တွင် ငွေထုပ်များပါသွားဟု သတင်းထွက်ပေါ် 
Donate to DVB

ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ လေဆိပ်ကနေ လေယာဉ်နဲ့ ပြန်ခေါ်ဖို့ စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ခွင့်ပြုချက်တောင်းခဲ့ပြီး ထိုင်းအာဏာပိုင်ဘက်ကလည်း ဧပြီ ၇ ရက် ၈ ရက်နဲ့  ၉ နေ့ရက်အတွင်း မဲဆောက်လေဆိပ်ကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ KNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အင်အားရာနဲ့ချီရှိတဲ့ အရာရှိအရာခံ၊ တပ်သားနဲ့ ဝန်ထမ်း မိသားစုဝင်တွေဟာ လက်နက်ချ အဖမ်းခံခဲ့သလို တချို့ကထွက်ပြေးလွတ် မြောက်သွားပြီး မြဝတီမှာ ပိတ်မိတ်နေတာရှိပါတယ်။ 

ဧပြီ ၇ ရက်မှာ ပထမအသုတ်အနေနဲ့  ဗိုလ်မှူးချုပ်၊  ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးအဆင့်ရှိသူ ၂၀ လောက်နဲ့ မိသားစုဝင်တွေကို ပြန်ခေါ်ဖို့  ART 72-600 Myanmar National  Airlines (MNA) အထူးလေယာဉ်ဟာ ည ၈ နာရီခွဲလောက် မဲဆောက်လေဆိပ်မှာ ဆင်းသက်လာပြီး အချိန်တနာရီကျော် ရပ်နား စောင့်ဆိုင်းခဲ့ပါတယ်။

ဒါပေမဲ့  ရောက်မလာဘဲ  ည ၁၀ နာရီဝန်းကျင်မှာ လေယာဉ်ပြန်လည်ထွက်ခွာသွားခဲ့တယ်။ လက်နက်ချတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မလွှတ်ပေးတာကြောင့်လို့ လေယာဉ်နဲ့ လိုက်ပါမသွားနိုင်တာလို့ AEC ASEAN News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းလေဆိပ်ကနေတဆင့် ခေါ်ပြန်မယ့်အထဲမှာ အရာရှိအရာခံ ၆၇ ဦး၊ စစ်သည်နဲ့ တခြားဝန်ထမ်း ၄၁၀ ဦး၊ ရဲမေ ၅၆ ဦး၊ မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၆၁၇ ဦးပါရှိတယ်လို့ ဆိုပါတယ်။ 

ချနယ်လ် ၃ ထိုင်းသတင်းမှာတော့ လာကြိုဖို့ လွှတ်လိုက်တဲ့ လေယာဉ်ထဲမှာ လူပါမသွားဘဲ ပစ္စည်းပစ္စယ အထူးသဖြင့် ငွေစက္ကူထုပ်တွေ စင်းလုံးပြည့်ပါသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

မြဝတီဒေသခံတဦးက “ငွေတွေ ပြန်သယ်သွားတာ ဖြစ်နိုင်တယ်။ မနေ့တုန်းက ရဲစခန်းမှာ သိမ်းထားတဲ့ ငွေထုပ်တွေကို ကားနဲ့သယ်သွားတာတွေ့တဲ့သူရှိတယ်”လို့ပြောပါတယ်။ 

ထိုင်း FAIR Party လွှတ်တော်အမတ် ကလဝီဆိပ်ဆဲန်ကလည်း “မနေ့ညက မဲဆောက်ကို ဆင်းလာတဲ့ မြန်မာ့လေယာဉ်အပြန်မှာ ပစ္စည်းပစ္စယတွေ သယ်သွားတယ်၊ အဲဒီထဲမှာ ငွေသားနဲ့ စစ်ဆင်ရေးမှာအသုံးပြုတဲ့ ပစ္စည်းတွေ ပါ၊ မပါဆိုတာကတော့ ထိရှလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက လူသားချင်းစာနာမှု အကူအညီပေးတဲ့အနေနဲ့  အသက်အန္တရာယ်နဲ့ ကြုံတွေ့နေရသူတွေကို ကူညီလို့ရတယ်။ နိုင်ငံခြားငွေတွေ သယ်ဆောင်တယ်ဆိုရင်တော့ ခွင့်ပြုတဲ့ ပမာဏအတိုင်းပဲ ရမယ်၊ အကောက်ခွန်ဌာနမှာ ဘယ်ကငွေ ဘာကြောင့် ဘယ်လောက် သယ်မယ် ဆိုတဲ့အချက်အလက်တွေနဲ့ လျှောက်လွှာတင် ခွင့်ပြုချက်တောင်းရဦးမှာ ဖြစ်တယ်၊ သတင်းတွေ ထွက်ပေါ်နေသလို နိုင်ငံခြားငွေဖြစ်ဖြစ် မြန်မာငွေဖြစ်ဖြစ် လေယာဉ်တစီးလုံးနဲ့ သယ်ခွင့်ပြုတယ် ဆိုရင်တော့ ထိုင်း နိုင်ငံရဲ့ ဥပဒေနဲ့ အချုပ်အခြာအာဏာ ပြဿနာရှိနိုင်တယ်” လို့ ချနယ်လ် ၃ သတင်းကို ပြောပါတယ်။

နယ်စပ်ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတဦးက “KNU အနေနဲ့ စကစဘက်က လက်နက်ချသူတွေ၊ စစ်သုံ့ပန်းတွေကို ပြန်အပ်ဖို့ အစီအစဉ်မရှိသေးဘူး။ သူတို့ကိုတော့ ညှဉ်းပန်းနှိပ်စက်တာမရှိဘဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်။ အချုပ်ခန်းလို မဟုတ်ဘဲ ကန့်သတ်နယ်မြေထဲမှာ လွတ်လွတ်လပ်လပ် ထားတားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

တော်လှန်‌ရေးအဖွဲ့ လက်ထဲရောက်ရှိနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ သင်္ဃန်းညီနောင် ဗျူဟာကုန်းမှ ၆၁၇ ဦးတင်မကဘဲ ခမရ ၃၅၇ မှ ၄၀၀ ကျော်လည်းရှိတာကြောင့် စုစုပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ 

လက်ရှိ မြဝတီမှာရှိတဲ့ စစ်ကောင်စီစခန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို KNLA နဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီး မြဝတီက အကြီးဆုံးဖြစ်တဲ့ ခလရ ၂၇၅ တပ်ရင်းတခုသာ ကျန်ရှိကြောင်း၊ အေးအေးဆေးဆေး လက်နက်ချဖို့ ညှိနှိုင်းနေပြီး ညှိနှိုင်းလို့မရရင် အနှေးနဲ့အမြန် ဝင်တိုက်ဖို့ရှိတယ်၊ အဲဒီမှာ စကစစစ်သည်အင်အား  ၁၀၀ ကျော်လောက်သာရှိတာမို့ အလွယ်တကူ သိမ်းပိုင်နိုင်မယ်လို့ တော်လှန်ရေးအဖွဲ့တွေက ယုံကြည်တယ်လို့ ဆိုပါတယ်။ 

မြဝတီမြို့နယ်တခုလုံးကို တော်လှန်ရေးအဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားတွေကတော့ ပုံမှန်အတိုင်း ဖွင့်လှစ်နေပါတယ်။

တံတားနားက မြန်မာရဲနဲ့ လဝက ဝန်ထမ်းတွေလည်း သူတို့အလုပ်သူတို့ ပုံမှန်လုပ်နေကြပြီး တော်လှန်ရေးဘက်ကလည်း နှစ်နိုင်ငံ စီးပွားကုန်သွယ်မှု ပျက်သွားမှာ၊ မြဝတီမြို့ပျက်ကြီး ဖြစ်သွားမှာကို မလိုလားလို့ နယ်စပ် လဝကရဲဌာနကိုတော့ ဝင်မတိုက်သေးဘူးလို့  နယ်စပ်အရေး စောင့်ကြည့် လေ့လာသူတဦးက ပြောပါတယ်။ 

မြဝတီမြို့ထဲမှာ အသွားအလာပုံမှန်ရှိနေပေမဲ့ စစ်ဖြစ်မှာစိုးလို့  ထိုင်းနယ်စပ်ဘက် ထွက်ပြေးသူ ထောင်နဲ့ချီရှိနေကာ အများစုမှာ ဘုန်းကြီးကျောင်းတွေမှာ သွား‌ရောက် ခိုလှုံနေကြပါတယ်။

မဲဆောက်ဒေသခံတဦးက “အဲဒီဘက်မှာ စစ်ဘေးရှောင် လက်ခံထားတဲ့ ဘုန်းကြီးကျောင်းပေါင်း ၄၀ လောက်ရှိတယ်၊  တကျောင်းကို စစ်ဘေးရှောင် ၂၀၀ ကျော်လက်ခံထားတာကြောင့် ဧပြီ ၅ ရက်မှ ဒီနေ့ထိ နယ်စပ်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေး‌ရှောင် ၈၀၀၀ ကျော်ပြီး အသိဆွေမျိုးအိမ်မှာ သွားရောက်ခိုလှုံနေတာလည်းရှိတယ်” လို့ ပြောပါတယ်။ 

ဒါ့အပြင် သောင်ရင်းမြစ်ကမ်းတလျှောက်မှာ ယခင် လေးကေ့ကော်တိုက်ပွဲကြောင့် တိမ်း ရှောင်လာပြီး ယာယီတဲထိုးနေသူတွေ ၂၀၀၀ ကျော်ရှိတယ်၊ ခုရက်ပိုင်း မြဝတီ စခန်းသိမ်း တိုက်ပွဲကြောင့် နောက်ထပ်စစ်ဘေးရှောင် ၁၀၀၀ ကျော်ရောက်လာလို့ အဲဒီမှာလည်း စစ်ဘေးရှောင် ၃၀၀၀ ကျော် ၄၀၀၀ နီးပါးဖြစ်သွားတယ်လို့  ထိုင်းအာဏာပိုင်နဲ့ နီးစပ်သူ မဲဆောက်ဒေသခံက ပြောပါတယ်။ 

Source:/Photo AEC ASEAN NEWS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013