
အမေရိကန်အစိုးရယန္တရား တစိတ်တပိုင်းရပ်ဆိုင်းနေမှုဟာ မတ် ၃၀ ရက်မှာ ၄၅ ရက်မြောက် ရှိပြီဖြစ်တဲ့အတွက် နိုင်ငံ့သမိုင်းတလျှောက် အချိန်အကြာဆုံး ဖြစ်လာပါတယ်။
ဒါဟာ ၂၀၂၅ နိုဝင်ဘာလက အဆုံးသတ်ခဲ့တဲ့ ၄၃ ရက်ကြာ အစိုးရအသုံးစရိတ် ပြတ်တောက်မှု စံချိန်ထက်ကို ကျော်လွန်သွားခဲ့တာပါ။
DHS ပြည်တွင်းလုံခြုံရေးဌာနအတွက် ဘတ်ဂျက်ချပေးရေးကိစ္စနဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် အမတ်တွေကြား သဘောတူညီချက် မရသေးဘဲ ကွန်ဂရက်လွှတ်တော်မှာ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
အခုလိုမျိုး ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကြောင့် သယ်ယူပို့ဆောင်မှု လုံခြုံရေးစီမံဌာနက (TSA) အရာရှိတွေကို လုံလုံလောက်လောက် နေရာချနိုင်ခြင်း မရှိတော့ဘဲ လေဆိပ်စစ်ဆေးရေး ဂိတ်တွေမှာ မနိုင်မနင်း ဖြစ်လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ကျုပ်တို့ လိုအပ်သလောက် TSA အေးဂျင့်တွေကို လစာပေးနိုင်ဖို့ ပြင်ဆင်ထားတယ်”လို့ ပြောသွားသလို ရန်ပုံငွေခွဲဝေရေး ဥပဒေကြမ်းကိုလည်း အတည်ပြုဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။
လွန်ခဲ့တဲ့အပတ်က DHS တစိတ်တပိုင်းအတွက် အသုံးစရိတ်ချပေးရေး ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပေမဲ့ အောက်လွှတ်တော်မှာတော့ ပယ်ချလိုက်ပါတယ်။
အဲဒီအစား အောက်လွှတ်တော် ကိုယ်စားပြု ရီပတ်ဘလစ်ကန် အမတ်တွေက DHS တခုလုံးစာအတွက် ဘတ်ဂျက်ချပေးမဲ့ ကာလတို အစီအစဉ်ကိုသာ မဲခွဲအတည်ပြုခဲ့ကြပါတယ်။
အဲဒီကာလတိုအစီအစဉ်ဟာ ဒီမိုကရက်တွေရဲ့ ကန့်ကွက်မှုအရ အထက်လွှတ်တော်မှာပါ အတည်ပြုနိုင်ဦးမှာ မဟုတ်ပါဘူး။
DHS ဌာနမှာ TSA အပါအဝင် ICE လိုမျိုး လူဝင်မှုကြီးကြပ်ရေးနဲ့ သဘာဝဘေးအန္တရာယ်တွေ ကိုင်တွယ်ဖြေရှင်းပေးရတဲ့ အခြေခံအကျဆုံး အရေးပေါ် အေဂျင်စီတွေအထိ ပါဝင်ပါတယ်။
ဒါကြောင့်ပဲ DHS လက်အောက်ခံ ICE အေးဂျင့်တွေအနေနဲ့ မျက်နှာဖုံးတပ်ပြီး လူမျိုးရေးအရ ပစ်မှတ်ထားတာကို ပြုပြင်ပြောင်းလဲဖို့အတွက် ဒီမိုကရက်ဘက်က တောင်းဆိုထားတာပါ။
တချိန်တည်းမှာ လုပ်ခလစာ မရတာကြောင့် နုတ်ထွက်သွားတဲ့ TSA အရာရှိပေါင်း ၅၀၀ လောက် ရှိပြီဖြစ်ကြောင်း DHS ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ မတ် ၂၇ ရက်အထိ TSA ဝန်ထမ်း အင်အားစုစုပေါင်းရဲ့ ၁၂ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ်တဲ့ အရာရှိဦးရေ ၃,၅၆၀ ဟာ အလုပ်မဆင်းဘဲ ခွင့်ယူထားတယ်ဆိုပြီး အတည်ပြုပါတယ်။
လာမဲ့ ဇွန်လပိုင်းမှာ စတင်ကျင်းပသွားမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အမေရိကန်က ပူးတွဲအိမ်ရှင်အဖြစ် တာဝန်ယူနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
Source: Reuters











