DVB Logo
Home
မြန်မာသတင်း
နေပြည်တော်က တရားမဝင် ခဲမိုင်းပြိုကျပြီး ကျောင်းသား ၁ ဦး အပါအဝင် ၂ ဦးသေ၊ ၁ ဦးပျောက်နေ
DVB
·
April 6, 2024
နေပြည်တော်က တရားမဝင် ခဲမိုင်းပြိုကျပြီး ကျောင်းသား ၁ ဦး အပါအဝင် ၂ ဦးသေ၊ ၁ ဦးပျောက်နေ
Donate to DVB

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်ထဲက တရားမဝင် ခဲ (ဝူဖလန်) သတ္တု တူးဖော်ရေး လုပ်ကွက်တခုမှာ ဧပြီ ၂ ရက်နေ့က မြေပြိုကျခဲ့လို့ ကျောင်းသား ၁ ယောက် အပါအဝင် အမျိုးသား ၂ ယောက် သေဆုံး၊ ၁ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံမျက်မြင်တယောက်က “ကုမ္ပဏီ ပိုင်တဲ့ ခဲ လုပ်ကွက်မှာဖြစ်တာ။ အောက်က တူးတာများတော့ အပေါ်က မြေပြိုကျတဲ့အထဲက သစ်ပင်ပါလာပြီး အဲသစ်ပင်ကိုင်းတွေနဲ့ ရိုက်မိပြီး သေကျတာ။ တယောက်ကတော့ ခဲတွင်းထဲ ပိတ်မိနေတယ်။ သေသလားရှင်သလား‌တော့ မသိပါဘူး” လို့ ပြောပါတယ်။

သေဆုံးသူတွေကတော့ လုပ်ကွက်အနီးက ကျေးရွာတရွာဖြစ်တဲ့ ဝေသာလီကျေးရွာက အသက် ၄၀ ဝန်းကျင်  ကိုအောင်နိုင်ထွန်းဆိုသူ အမျိုးသားတယောက်နဲ့ ရေနီမြို့ကနေ ကျောင်းပိတ်တုန်း လာလုပ်တဲ့ ကျောင်းသားတယောက်တို့ဖြစ်ကြပြီး ဂူတွင်းထဲ ပိတ်မိနေသူကတော့ ဘယ်သူဘယ်ဝါ မသိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

အရင်တုန်းက အဲဒီတောင်ပေါ်ဒေသတွေမှာ သတ္တုတွင်းဝန်ကြီးဌာနက အစိုးရပိုင် ခဲ (ဝူဖလန်) သတ္တု မိုင်းတွေတူးဖော်ခဲ့ပြီး နေပြည်တော် ဖြစ်လာတဲ့အချိန်မှာ‌တော့ နေပြည်တော်နယ်မြေအတွင်း သယံဇာတ တူးဖော်တာကို ရပ်နားထားခဲ့သလို တရားဝင်လုပ်ကွက်ချထားပေးတာလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က   “အစိုးရပိုင် မိုင်းတွင်းဟောင်းတွေလေ။ အစိုးရက မတူးတော့ဘဲ ဒေသခံ တနိုင်တပိုင်တော့ အရင်က တူးနေကြတာ။ စစ်တပ်က အာဏာသိမ်းလိုက်တော့မှ စက်ယန္တယားကြီးတွေနဲ့ နယ်မြေခံ ခမရ ၆၀၆ တပ်ရင်းမှူးကို ကုမ္ပဏီကနေ  ပိုက်ဆံပေးပြီး တရားမဝင် တူးနေကြတာပါ။ စစ်တပ်က ပါနေတော့ ရွာသားတွေလည်း မပြောရဲကြဘူး” လို့ ပြောပြပါတယ်။

အခု မိုင်းတွင်းဟာ ပြည်ထောင်ကိုး အုပ်စု၊ ပြဒါးချောင်းရွာမှာရှိပြီး မြေစာသယ် ကားတ သွားလာတာကြောင့် ပြဒါးချောင်းရွာလမ်း ပျက်စီးသလို သတ္တုလုပ်ကွက်ရဲ့ ရေညစ်ညမ်းမှုတွေကြောင့် လယ်ယာမြေတွေလည်း စိုက်ပျိုးလို့ မရတော့ဘူးလို့ ဒေသခံ  လယ်ယာပိုင် ရွာသားတချို့က  ပြောပါတယ်။

ဒေသံတယောက်က “ကျနော်တို့ လယ်တွေ လုပ်စားမရတော့ဘူးလေ။ သူတို့ လုပ်ကွက်က အမြင့်မှာဆိုတော့ ရေနီတွေက ကျနော်တို့ လယ်တွေကို ဖုံးသွားပြီ။ ခမရ ၆၀၆ စစ်တပ်က တပ်ရင်းမှူးနဲ့ ရွာက လုပ်ငန်းရှင်တွေရယ်၊ တရုတ်သတ္တုကုမ္ပဏီတွေနဲ့ ပေါင်းစားနေ‌တော့ မပြောရဲကြဘူး။‌ ခု မြေစာပုံက ကျနော်တို့ရွာထက် မြင့်နေပြီ။ ပြိုကျရင်တော့ ဒုက္ခပဲ။ မိုးတွင်းရောက်ရင် အရမ်းစိုးရိမ်ရတဲ့ အခြေအနေပဲ” လို့ ပြောပါတယ်။

အဲဒီနေရာကို နေပြည်တော်စစ်တိုင်းမှူး၊ နယ်‌မြေခံဗျူဟာမှူးနဲ့ နေပြည်တော်ကောင်စီ လူကြီးတွေလည်း မကြာခဏလာပေမယ့် လာဘ်ပေးလာဘ်ယူ ငွေကြေးတွေယူကာ မသိသလို နေကြပြီး အရေးယူတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီက သတ္တုတွေကို တရုတ်ကုန်သည်တွေက ဝယ်ယူနေတာဖြစ်ပြီး ၁ ပိဿာ လက်ရှိပေါက်ဈေး ၆၀,၀၀၀ ကျပ်ထိ ရှိပြီး သတ္တုကို ဓာတ်ခွဲစမ်းသပ်လိုက်ရင် ရွှေဖြူ၊ ခဲနဲ့ လက်နက် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ဒြပ်စင် စတာတွေ ပါဝင်နေတာကြောင့် တန်ဖိုးရှိပြီးရှားပါး သတ္တုတမျိုး ဖြစ်ကြောင်းလည်း သတ္တုနားလည်ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

အခု လူသေဆုံးမှုဖြစ်သွားတဲ့ နေပြည်တော်နယ်စပ် တောင်ပေါ်ဒေသတွေဟာ အန်အယ်လ်ဒီ အစိုးရလက်ထက်က နေပြည်တော် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း တိုးချဲ့မယ့် ဒေသတခုဖြစ်ပြီး ‌သာယာလှပတဲ့ တိမ်ပင်လယ်ရှုခင်းနဲ့ ဘုံခုနစ်ဆင့် ရေတံခွန်တို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013