DVB Logo
Home
မြန်မာသတင်း
ကလေးတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ၁ လကျော်အတွင်း အရပ်သား ၄၀ နီးပါးသေဆုံး
DVB
·
April 5, 2024
ကလေးတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ၁ လကျော်အတွင်း အရပ်သား ၄၀ နီးပါးသေဆုံး
Donate to DVB

တိုက်ပွဲတွေ ဆက်တိုက်စတင်ခဲ့တဲ့ တလကျော်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၄၀ နီးပါး သေဆုံးပြီး ၇၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ကလေးမြို့ ပင်မသပိတ် အင်အားစုက‌ ပြောပါတယ်။

ဒါဟာ ဖေဖော်ဝါရီ ၂၁ ရက်က‌နေ မတ် ၃၁ ရက်အထိ ပင်မသပိတ်အဖွဲ့က လက်လှမ်းမီသမျှ ပြုစုထားတဲ့ အချက်အလက်‌‌တွေဖြစ်ပြီး လမ်းခရီးနဲ့ လုံခြုံရေးအခြေအနေအရ စာရင်းမပြုစုနိုင်သေးတာတွေ ရှိနေသေးပြီး လက်တွေ့ မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့တာကတော့ ကျောင်းတိုက်ရွာမှာဖြစ်ပြီး မတ် ၁၆ ရက်က စစ်ကောင်စီရဲ့ လေကြောင်းနဲ့‌ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၂၀ နီးပါး ထိခိုက်သေဆုံးခဲ့တာပါ။

ကလေးမြို့ ပင်မသပိတ်အင်အားစု အဖွဲ့ဝင် ကိုဗိုက်ပူက “လက်ရှိ ကျနော်တို့ စာရင်းပြုစုထားချက်အရဆိုရင် အရပ်သားချည်း ၄၀ နီးပါး သေဆုံးထားတယ်။ ကျနော်တို့ လမ်းကြောအခြေအနေအရရော ဆက်သွယ်ရေးအရရော စာရင်းမကောက်နိုင်တာတွေ ရှိသေးတယ်။ စစ်ကောင်စီကတော့ အပြစ်မဲ့ပြည်သူတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကတော့ အမြဲတမ်းပါပဲ။ တိုက်ပွဲမရှိလည်း ပစ်နေကြပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ ‌ကလေးဒေသခံတွေ အနေနဲ့ မိမိတို့ရဲ့ နေအိမ်တွေနဲ့ လုံခြုံတဲ့နေရာတွေမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့လည်း ကိုဗိုက်ပူက မှာကြားထားပါတယ်။

စစ်ကောင်စီက‌တော့ မြို့ပေါ် အမြောက်တပ်နဲ့ တခြားတပ်ရင်းတွေကနေ မြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဘက်တွေကို လက်နက်ကြီးနဲ့ အမြဲပစ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မိမိတို့ဆေးရုံကို ရောက်ရှိလာရင် အတတ်နိုင်ဆုံး ကြိုးစားပြီး ဆေးကုသမှုတွေ ပေးထားတယ်လို့ People Healthcare Network တာဝန်ခံ ဆရာဝန်က ပြောပါတယ်။

“၃ လပိုင်းအတွင်းမှာ ကျနော်တို့ဆေးရုံကို လက်နက်ကြီးရော၊ ဒရုန်းဗုံးတွေကြောင့် ထိခိုက်ပြီး ရောက်လာတာ အရပ်သား ၂၈ ယောက်လောက်ရှိတယ်။ အဲထဲမှာ နှစ်ယောက်ကတော့ ဆုံးသွားတယ်။ တချို့တွေကလည်း‌ နီးစပ်ရာနေရာတွေမှာ ဆေးကုသမှု ခံကြတယ်။ ကျနော်တို့ဆီ‌ ရောက်လာတဲ့ လူနာတွေကတော့ ဆေးဝါးအခက်အခဲ ကြားတွေကပဲ နောက်ထပ်တဆင့် မလွှဲရအောင် ကြိုးစားကုသပေးထားပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကနေ အခုနှစ် ဧပြီ ၄ ရက်‌အထိ စစ်ကောင်စီရဲ့ လက်‌ချက်ကြောင့် သေဆုံးသူ ၄,၈၄၉ ဦးရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013