DVB Logo
Home
မြန်မာသတင်း
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေး  စစ်ကောင်စီကို တရုတ်ဖိအားပေး
DVB
·
April 5, 2024
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေး  စစ်ကောင်စီကို တရုတ်ဖိအားပေး
Donate to DVB

တရုတ်နိုင်ငံက နယ်စပ်တလျှောက်တည်ငြိမ်စေဖို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီကို ဘက်အားလုံးနဲ့ တွေ့ဆုံဆွေး နွေးစေလိုတဲ့ တိုက်တွန်းမှုတွေရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်တိန်ရှီကျင်းဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေအပြင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးကိစ္စ ဆွေးနွေးခဲ့တယ်လို့  စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုကနေ တရက်ကို အမေရိကန်ဒေါ် ၁၀ သန်းနီးပါး ထိခိုက်နေတာကို ရပ်တန့်နိုင်ဖို့အပြင် တရုတ်နယ်စပ် တလျှောက်တည်ငြိမ်စေဖို့ စစ်ကောင်စီကို တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးစေလိုတဲ့ ဆန္ဒမျိုးလည်းရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

အခုတွေ့ဆုံမှုဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား ဒီလထဲမှာ ထပ်မံ မတွေ့ဆုံခင် အကြိုညှိနှိုင်းမှုဖြစ်နိုင်ပြီး သဘောတူညီမှုမရရှိသေးတဲ့ နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်နိုင်ရေးကိစ္စကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားမှု တခုဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။

တရုတ်အထူးကိုယ်စားလှယ်ရဲ့ အခုတခေါက် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုဟာ တရုတ်- မြန်မာနယ်စပ်က လွယ်ဂျယ်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်း ရပ်ဆိုင်းလုနီးနီးဖြစ်နေတဲ့ အခြေအနေတွေကိုပါ ဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရဆိုရင် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ နီးပါးကုန်သွယ်မှု ပမာဏရှိနေပါတယ်။

ဒါကြောင့် နယ်စပ်ကုန်သွယ်မှုစခန်းနောက်ထပ်တခု ထပ်မံပိတ်လိုက်ရမယ့်အခြေအနေကို တရုတ်ဘက်က လိုလားပုံမရတာကြောင့် လွယ်ဂျယ်မြို့နဲ့ကပ်နေတဲ့ တရုတ်ဘက်အခြမ်းမှာ တရုတ်ဘက်က ကြည်းတပ်နဲ့ လေတပ်ပေါင်းပြီး ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့ပြီးဒါဟာ မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေဖြစ်နေတဲ့ နှစ်ဖက်စလုံးကို သတိပေးခြိမ်းခြောက်တဲ့ပုံဖြစ်တယ်လို့ စစ်ရေးအကဲခက်တချို့က  သုံးသပ်ကြပါတယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ အရင်အတိုင်းပြန်ဖွင့်နိုင်ဖို့ တရုတ်ဘက်က ကြိုးစားတဲ့အခါမှာ တရုတ်အစိုးရပိုင်းနဲ့ ပိုနီးစပ်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေတွေမှာပဲ ပြန်ဖွင့်နိုင်မယ့်အခြေနေရှိတယ်လို့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က သုံးသပ်ပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းတွေ နှိုင်းယှဉ်ကြည့်ရင် စစ်တပ်က အာဏာမသိမ်းခင်အချိန်က မူဆယ်နယ်စပ်ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ နီးပါးကုန်သွယ်မှုရှိနေပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၂၀၀၀ နီးပါးသာ ကုန်သွယ်မှုရှိတဲ့အတွက် ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပါတယ်။

အလားတူ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာလည်း စစ်တပ်က အာဏာမသိမ်းခင်အချိန်က ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ရှိခဲ့ပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း  ၂၂ သန်းသာရှိတဲ့အတွက် သိသိသာသာကျဆင်းသွားပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013