DVB Logo
Home
မြန်မာသတင်း
၄၄ လမ်း တိုက်ပေါ်မှ ခုန်ချ ဒဏ်ရာရခဲ့သူ ၂ ဦးကို ထောင်ပြင်ပဆေးရုံ၌ ဆေးကုသခွင့်ပေးရန်  တောင်းဆို
DVB
·
April 3, 2024
၄၄ လမ်း တိုက်ပေါ်မှ ခုန်ချ ဒဏ်ရာရခဲ့သူ ၂ ဦးကို ထောင်ပြင်ပဆေးရုံ၌ ဆေးကုသခွင့်ပေးရန်  တောင်းဆို
Donate to DVB

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ စစ်တပ်က ဖမ်းဆီးစဉ် တိုက်ပေါ်က ခုန်ချခဲ့ကြလို့ ဒဏ်ရာအပြင်းအထန်ရသွားခဲ့တဲ့ ကိုဝေယံထက်နဲ့ ကိုမင်းသစ္စာ‌မောင်တို့ဟာ ထောင်ထဲမှာ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတာကြောင့် ထောင်ပြင်ပဆေးရုံမှာ ဆေးကုခွင့်ရဖို့ တောင်းဆိုပါတယ်။

၄၄ လမ်း ဖမ်းဆီးမှုဖြစ်စဉ်မှာ တိုက်ပေါ်က ခုန်ချခဲ့ကြတဲ့ လူငယ်တွေထဲက အသက်ရှင်ကျန်ရစ်ပြီး ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ ကိုဝေယံထက်နဲ့ ကိုမင်းသစ်စ္စာ‌မောင်(ခ)ကိုဗလတို့ကို ပြင်ပဆေးရုံမှာ ဆေးဝါးကုသခွင့်တောင်းဆိုပေမဲ့ မရရှိဘူးလို့ သိရပါတယ်။

အဲဒီလူငယ်နှစ်ဦးရဲ့ လုံခြုံရေးအရ အပြင်ဆေးရုံတွေမှာ ကုသခွင့်မရရှိတာဖြစ်ကြောင်း သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပြပါတယ်။

“ကိုဝေယံထက်က လက်ရှိမှာဆိုရင် ခြေ‌ထောက်ဒူးခေါင်းအောက်ပိုင်းကဟာတွေ လှုပ်ခိုင်းရင် မလှုပ်နိုင်တော့ဘူး။ နောက်ခြေချောင်းတွေက မလှုပ်နိုင်တော့ဘူး။ ပြောရမယ်ဆို ခြေထောက်လေးတွေက လိမ်ဖယ်ပြီး သေးသေးလေးတွေ ဖြစ်နေပြီ။ ပြောရရင် မသန်စွမ်း တယောက်လိုဖြစ်နေပြီ အောက်ပိုင်းတွေက၊ သူတို့တွေ အနေနဲ့လည်း သူတို့ကိုပြင်ပဆေးရုံကို ကုသခွင့်ရဖို့ တင်ပြဖူးတာတွေရှိပါတယ်။ သို့သော်လည်းပဲ ၄၄ လမ်းဖြစ်စဉ်မှာ ဖမ်းဆီးခံရတဲ့သူတွေက အရမ်းနာမည်ထွက်တယ်ပေါ့။ နာမည်လည်းကြီးတယ်ဆိုတော့ လုံခြုံရေးကို အကြောင်းပြပြီးမှ ဒီနှစ်ယောက်ကို ဆေးဝါးသခွင့်ကို အပြင်ဘက်ကို ထွက်ခွင့်မပေးဘူးပေါ့။”

နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက်က လက်ရှိမှာ ခြေထောက်နှစ်ဘက်စလုံးကျိုးပြီး ကိုယ်ခန္ဓာအောက်ပိုင်း ခြေချောင်းတွေ လှုပ်ရှားမရဘဲ ပေါင်အရိုးတွေလည်း ကြေမွသွားခဲ့လို့ စတီးချောင်းနဲ့ မူလီကြပ်ထားရပါတယ်။

ကိုမင်းသစ္စာမောင်(ခ)ကိုဗလကတော့ ခြေထောက်နဲ့ ခါးတဝိုက် ဒဏ်ရာတွေက အခုအချိန်ထိ မသက်သာသေးသလို အင်းစိန်‌ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အခုချိန်ထိ ထောင်ဆေးရုံမှာ နေထိုင်ကုသခွင့်လည်း မရရှိပါဘူး။

ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေကတော့ အမြန်ဆုံးကုသခွင့်ရဖို့နဲ့ ကောင်းမွန်သက်သာလာဖို့ မျှော်လင့်ကြောင်း DVB ကို ပြောပါတယ်။

မိသားစုဝင်တဦးက “ခြေထောက်ကတော့ အသားထဲကနေ အရိုးတွေ ထိုးထွက်တယ်လေ။ အဲတာကြောင့် ပြန်ပြီးတော့ ခွဲစိတ်နေရတယ်တဲ့၊ ခွဲခွဲထုတ်နေရတယ်။ ဗလကတော့ခြေထောက်တဖက်နှိမ့်သွားတယ်လေ။ ကောင်းတယ် ဆိုပေမဲ့ ဒီဒဏ်ရာကြီးက ဘယ်လိုလုပ်ကောင်းနိုင်တော့ပါ့မလဲ၊ ဒီတိုင်းချည်းပဲ သွားမှာပေါ့။ မကောင်းတာက ခြေထောက်ပဲပေါ့ ခြေထောက်က သိပ်လမ်းလျှောက်လို့မရဘူးပေါ့။ ခြေချောင်းလေးတွေဘာလေးတွေဆို အကြောလေးတွေက သေသွားတာကိုး။ အန်တီကတော့ ပြန်ကောင်းစေချင်တာပေါ့။ တသက်လုံး ဒုက္ခိတကြီးလိုသွားရမယ့်အတူတူ ပြန်ကောင်းပြီး လမ်းလေးဘာလေးလျှောက်နိုင်တော့ ကောင်းတာပေါ့”လို့ ပြောပါတယ်။

ကိုဝေယံထက်နဲ့ ကိုမင်းသစ္စာမောင်တို့ အပါအဝင် တခြားအရေးပေါ်ပြသဖို့ လိုအပ်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ အကျဉ်းထောင်လက်စွဲဥပဒေပါအတိုင်း ထောင်ပြင်ပဆေးရုံတွေမှာ  အမြန်ဆုံးကုသပေးဖို့  PPNM က ထပ်မံ တောင်းဆိုပါတယ်။

PPNM အဖွဲ့ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “အရေးကြီးလူနာတွေကို ပြင်ပဆေးရုံတွေကို အချိန်နဲ့တပြေးညီပို့ရမယ်ဆိုတာလည်း ကျနော်တို့တောင်းဆိုမှ မဟုတ်ပါဘူး။ ထောင်ရဲ့ လက်စွဲထဲမှာပါပြီးသားပေါ့။ လက်ရှိအခြေအနေမှာ ကျန်တဲ့သူတွေကို အရေးကြီးရင်တော့ ပြင်ပကို ပို့ပေးတာရှိပေမဲ့ ၄၄ လမ်းဖြစ်စဉ်မှာ ပါလို့ဆိုပြီး ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသား  နှစ်ဦးကို ကုသခွင့်မရတာကတော့ လုံးဝကိုမှ ဥပဒေကို မေးခွန်းထုတ်စရာတွေဖြစ်သလိုမျိုးပေါ့။ အဲလို အကျဉ်းထောင်လက်စွဲ ဥပဒေအတိုင်း တောင်းဆိုနေတာဖြစ်တဲ့အတွက် ဒီနှစ်ဦးကိုတော့ တခြားနိုင်ငံရေး အကျဉ်းသားတွေနည်း တူပြင်ပဆေးရုံတွေကို ကုသခွင့်ပေးပါ။ ဒါက သူတို့ နှစ်ဦးကိုမှ တောင်းတဲ့ အပိုတောင်းဆိုချက်မဟုတ်ဘူး။ ထောင်လက်စွဲဥပဒေမှာ ပါထားတဲ့အချက်ကိုပဲ ပြည့်ပြည့်ဝဝပေးဖို့  တောင်းဆိုတာဖြစ်တယ်”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်က  စစ်ကောင်စီတပ်တွေက ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာရှိ တဲ့ တိုက်ခန်းတခုကို ပစ်ခတ်စီးနင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာမှာ မဝေဝေမြင့်၊ ကိုဝေဇော်ဖြိုး၊ ကိုရဲမင်းဦး(ခ)ရဲကြီး၊ ကိုမင်းသစ္စာအောင်(ခ)ဗလနဲ့ ကိုဝေယံထက်တို့က တိုက်ခန်း လေးလွှာကနေ ခုန်ချခဲ့ကြတာဖြစ်ပါတယ်။

ခုန်ချခဲ့တာကြောင့် မဝေဝေမြင့်နဲ့ ကိုဝေဇော်ဖြိုးတို့ သေဆုံးခဲ့ပြီး၊ ကျန်သုံးဦးကတော့  ဦးခေါင်း၊ ခြေနဲ့ လက်တို့မှာ အပြင်းအထန် ဒဏ်ရာတွေရရှိခဲ့ပြီး ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013