DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ မိသားစုဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
April 3, 2024
မင်းပြားတွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ မိသားစုဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က မြစ်နားကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဧပြီ ၃ ရက် မနက် ၄ နာရီကျော်မှာ ဗုံးလာကြဲတာကြောင့် အပြစ်မဲ့ မိသားစုဝင် သုံးဦး သေဆုံးပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက အတည်ပြု ပြောပါတယ်။

ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူတွေဟာ မင်းပြားမြို့နယ် မြစ်နားကျေးရွာက မိခင် ဒေါ်ဦးကြည်အေး (၄၈ နှစ်)၊ သမီး မသိန်းစိုးဦး (၂၃ နှစ်)၊ သမီး မဆွေဆွေထွန်း (၂၈ နှစ်) တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် မြစ်နားကျေးရွာက ဒေသခံ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားပြီး ဒဏ်ရာရတဲ့သူတွေကို နီးစပ်ရာမှာ ဆေးကုသမှု ခံထားရပြီး ဒဏ်ရာပြင်းထန်တဲ့သူတွေလည်း ပါရှိတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “နေ့လယ်နေ့ခင်းဘက် ညဘက်တွေဆို လေယာဥ်က သိပ်မလာဘူး။ အိပ်မောကျနေတဲ့ အရုဏ်တက်ချိန်လောက်ဆိုရင် လေယာဥ်နဲ့ ဗုံးလာကြဲပြီ။ အဲအချိန်ဆိုရင် လူတွေလည်း ထွက်ပြေးလို့မရကြနဲ့ သေကြရ၊ ဒဏ်ရာရကြရတယ်။ ဒီနားမှာက ဘယ် AA မှ မရှိပါဘူး။ အကုန် ပြည်သူတွေပါ။ ကြောက်လို့ ဘယ်နေရာကိုမှ မပြေးဘဲနဲ့ နေနေကြရတဲ့ ပြည်သူတွေပဲ ရှိတာပါ” လို့ DVB ကို ပြောပါတယ်။

ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်နားရွာက နေအိမ် ၁၀ လုံးနီးပါး မီးလောင်ပျက်စီးသွားပြီး သိုလှောင်ထားတဲ့ ဆန်စပါးတွေပါ အကုန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်မှ တက်ကြွလှုပ်ရှားသူ လူငယ်တဦးက “မင်းပြားပါ၊ မြေပုံပါ၊ ဒီနားမှာရှိတဲ့ ရွာအားလုံးကို ဗုံးကြဲနေတာ သေကံဆို လေးခေါက်လောက်ရှိပြီ ဗုံးကြဲခံရတာ။ ကမ်းထောင်းကြီးဆိုရင်လည်း လေးခေါက်ရှိပြီ။ တခြား အနီးအနားက ရှိသမျှ ရွာပါ မြို့ပါမကျန် အကုန်ဖျက်ဆီးနေတာ၊ ဒေသခံတွေ နေလို့မရအောင်၊ သေအောင်၊ စီးပွားရေး၊ လူမှုရေးအစ အကုန်ဖျက်ဆီးနေကြတာ စစ်ကောင်စီက” လို့ ပြောပါတယ်။

မတ် ၂၉ ရက်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် မင်းပြားမြို့နယ် သေကံကျေးရွာမှာ ဘုန်းတော်ကြီးကျောင်း အပါအဝင် နေအိမ်တွေပျက်စီးကာ ဘုန်းတော်ကြီးတပါးနဲ့ ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

ဒါ့အပြင် ဧပြီ ၂ ရက်ကလည်း ကမ်းထောင့်ကြီးမြို့မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့တွေမှာလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၅၀ နီးပါး သေဆုံးကာ ၈၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားတဲ့ မြို့တွေအပါအဝင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ မြို့တွေမှာလည်း လေယာဥ်နဲ့ ဗုံးလာကြဲတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ နေဗီပေါ်ကနေ ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

ရခိုင်တကျော့ပြန်စစ်ပွဲတွေ စတဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ စစ်ကောင်စီရဲ့ လေကြောင်း အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အရပ်သားပြည်သူတွေကို ပစ်ခတ်တာကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သားသေဆုံးသူ ၂၀၀ ကျော် ရှိလာပြီးတော့ ဒဏ်ရာရရှိသူ ၅၀၀ ကျော် ရှိလာပြီလို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားတဲ့ မြို့တွေက အရပ်သားပြည်သူတွေ နေထိုင်ရာတွေကို လေကြောင်းနဲ့ ဆက်တိုက်နီးပါး တိုက်ခိုက်နေတာကြောင့် အရပ်သား သေဆုံးမှုနှုန်းနဲ့ ဒဏ်ရာရရှိမှု အရေအတွက် ပိုမိုမြင့်တက်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013