DVB Logo
Home
မြန်မာသတင်း
အစိုးရဖွဲ့နိုင်မည့် ရွေးကောက်ပွဲအခင်းအကျင်းတခုကို စစ်ကောင်စီ ဖန်တီးလာနိုင်ဟု သုံးသပ်
DVB
·
April 2, 2024
အစိုးရဖွဲ့နိုင်မည့် ရွေးကောက်ပွဲအခင်းအကျင်းတခုကို စစ်ကောင်စီ ဖန်တီးလာနိုင်ဟု သုံးသပ်
Donate to DVB

စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းပြီး အစိုးရဖွဲ့နိုင်မယ့် ရွေးကောက်ပွဲ အခင်းအကျဉ်းတခုကို အာဏာသိမ်းစစ်ကောင်စီက ဖန်တီးလာနိုင်တယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ မဟုတ်ဘဲ ရွေးကောက်ပွဲလုပ်လို့ရတဲ့ နေရာတွေမှာ အပိုင်းလိုက် ဥပဒေနဲ့အညီ ရွေးကောက်ပွဲလုပ်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုမှု ထွက်ပေါ်လာပြီးနောက်ပိုင်း နိုင်ငံရေးအသိုင်းအဝိုင်းက အခုလို သုံးသပ်ကြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဟာ ၃ နှစ်ကျော်လာတဲ့ အချိန်ထိ ရွေးကောက်ပွဲ မကျင်းပပေးနိုင်ဘဲ အာဏာသိမ်းကာလကို သက်တမ်းတိုးပြီး နိုင်ငံတော်အုပ်ချုပ်နေတာကို အသွင်ပြောင်းအုပ်ချုပ်ဖို့ ရွေးကောက်ပွဲတခုကို မဖြစ်မနေ ဖန်တီးပေးဖို့ လိုအပ်နေတာပါ။

ဒါကြောင့် လွှတ်တော်ထဲမှာ အရန်သင့်ရှိနေမယ့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်မယ့် အချိုးအစားရနိုင်မယ့် တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာ ရှိနေတဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ အစိုးရတရပ် ထွက်ပေါ်လာရေးကို ကြိုးစားလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရှိန်းထွန်းက ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေသလို အာဏာသိမ်းစစ်တပ်ဘက်က လက်လွှတ်ပေးလိုက်ရတဲ့ နယ်မြေဧရိယာတွေလည်း များလာတာကြောင့် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်သလို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အတွက်လည်း အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ပါတီမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေက ဆိုပါတယ်။

စစ်တပ်ဘက်က ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရှိနေတဲ့ လွှတ်တော်တိုင်းမှာ အချိုးကျ ကိုယ်စားပြုစနစ် PR အပြင် နိုင်သူအကုန်ယူစနစ်နဲ့ပါ တွဲပြီး ကျင်းပဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေ နည်းဥပဒေတွေ မထွက်ရှိသေးတာကြောင့် ပါတီတွေဘက်ကလည်း ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်သေးဘူးလို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ အခုသက်တမ်းတိုးထားတဲ့ ၆ လအတွင်းမှာ မဲစာရင်း ကောက်ယူတာ၊ အွန်လိုင်းကနေ မဲပေးတဲ့စနစ်ကို မြို့နယ်တချို့မှာ စမ်းသပ် အသုံးပြုနေတာတွေကို လုပ်ဆောင်နေပြီး အောက်တိုဘာလထဲမှာလည်း တနိုင်ငံလုံးအဆင့် သန်းခေါင်စာရင်း ကောက်ယူသွားဖို့အတွက်လည်း ဆောင်ရွက်နေပါတယ်။

Photo-MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013