DVB Logo
Home
နိုင်ငံတကာ
ပီရူးသမ္မတက နုတ်ထွက်သွားသည့် ဝန်ကြီး ၆ ဦးနေရာကို အစားထိုးခန့်အပ်
DVB
·
April 2, 2024
ပီရူးသမ္မတက နုတ်ထွက်သွားသည့် ဝန်ကြီး ၆ ဦးနေရာကို အစားထိုးခန့်အပ်
Donate to DVB

ပီရူးသမ္မတကို ပစ်မှတ်ထားပြီး အဆင့်မြင့် ရိုးလက်စ်နာရီတွေ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးအရှုပ်အရှင်း အသစ်တခုကြားမှာပဲ ပီရူးသမ္မတ ဒီနာဘိုလွာတေးဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားကြတဲ့ ဝန်ကြီး ခြောက်ဦး နေရာကို ဧပြီ ၁ ရက်မှာ အစားထိုး ခန့်အပ်ခဲ့ပြီး နိုင်ငံရေး ပိုမိုပြင်းထန်ကြမ်းတမ်းလာတဲ့ တောင်အမေရိကနိုင်ငံမှာ မတည်ငြိမ်မှုတွေ ပိုတိုးလာပါတယ်။

သမ္မတ ဘိုလွာတေးကို တရားမဝင် ကြွယ်ဝချမ်းသာမှု စွပ်စွဲချက်နဲ့ စတင်လုပ်ဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ ပြည်ထဲရေး၊ ပညာရေးနဲ့ အမျိုးသမီးရေးရာဝန်ကြီးတွေ နုတ်ထွက်သွားတာဖြစ်ပြီး တနင်္လာနေ့ ညနေပိုင်းမှာ ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေးဝန်ကြီးတွေလည်း နောက်ထပ် နုတ်ထွက်ခဲ့ကြပါတယ်။

နုတ်ထွက်သွားတဲ့ ပြည်ထဲရေးဝန်ကြီး ဗစ်တာ တောရက်စ်က“တကယ်လို့ သမ္မတ ဘိုလွာတေးသာ ရာထူးကနေ နုတ်ထွက်သွားရင် ပီရူးနိုင်ငံလည်း နစ်မြုပ်သွားလိမ့်မယ်။ အဲ့လိုတော့ ဖြစ်လာမှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

သမ္မတ ဘိုလွာတေးဟာ စုစုပေါင်း ဝန်ကြီးအသစ်ခြောက်ဦးကို ခန့်အပ်ခဲ့တာဖြစ်ပြီး တရက်တည်းမှာပဲ သူ့ရဲ့ အဖွဲ့ဝင် ၁၉ ဦးရှိတဲ့ အစိုးရအဖွဲ့မှာ အင်အား သုံးပုံတပုံလောက်ကို အစားထိုးခဲ့တာပါ။

ပြီးခဲ့တဲ့လက ရာထူးတက်လာခဲ့တဲ့ ဘိုလွာတေးရဲ့ ဝန်ကြီးချုပ်က ကွန်ဂရက်လွှတ်တော်မှာ ထောက်ခံမဲရရှိဖို့ ရည်မှန်းထားချိန်မှာ ထုံးစံအတိုင်း နုတ်ထွက်မှုတွေ ပေါ်ပေါက်လာတာပါ။

အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ဥပဒေပြုအဖွဲ့ဟာ ဝန်ကြီးချုပ်ကို သူတို့ရဲ့ထောက်ခံမှု ငြင်းပယ်မှာ သမ္မတရဲ့ အစိုးရအဖွဲ့ကလည်း စိုးရိမ်နေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ သမ္မတ ပီဒရိုကတ်စတီလိုကို ဖယ်ရှားကာ ပုန်ကန်မှု၊ ပူးပေါင်းကြံစည်မှုတို့နဲ့ ဖမ်းဆီးခဲ့ပြီးနောက်မှာ ဒုတိယသမ္မတဟောင်း ဘိုလွာတေးဟာ သမ္မတရာထူး တက်ခဲ့ပြီးတော့ ခြောက်နှစ်အတွင်း ဆဋ္ဌမမြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။

Source/Photo-REUTERS/Sebastian Castaneda

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013