DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းခိုင်းသဖြင့် အဆုံးစီရင်မှုနှင့် ထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပွား
DVB
·
April 1, 2024
စစ်မှုထမ်းခိုင်းသဖြင့် အဆုံးစီရင်မှုနှင့် ထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပွား
Donate to DVB

ရန်ကုန်မှာ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းတဲ့အတွက် မိသားစုဝင်တွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာ၊ နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

ရန်ကုန်က မြို့နယ် ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး ဆယ်အိမ်မှူးတွေနဲ့ ပူးပေါင်းပြီး အတင်းအကျပ် စစ်မှုထမ်းစေခိုင်းတဲ့အတွက် ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ရ တာ၊ မိသားစုဝင်တွေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာတွေက ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။

မတ် ၂၈ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ရပ်ကွက်တခုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေက တရားဝင်မဲနှိုက်တာမျိုးမရှိဘဲ နာမည်စာရင်းနဲ့ လာရောက်ခေါ်ယူရာမှာ ရပ်ကွက်နေ မိသားစုတခုတည်းမှာပဲ သားနဲ့ သမက်ဖြစ်သူရဲ့ နာမည် ပါဝင်လာတဲ့အတွက် မိခင်ဖြစ်သူက ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးပြီး အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။

“စစ်မှုထမ်းရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက ဆယ်ယောက် လာခေါ်တယ် by name နဲ့ပေါ့။ မဲလည်းမနှိုက်ဘဲနဲ့။ အဲဒါနဲ့ ပြေးကြလွှားကြနဲ့ နှစ်ယောက်ပါသွားတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က ရပ်ကွက်ထဲမှာ လူဘယ်နှယောက် ရှိတယ်၊ စစ်မှုထမ်းမယ့်သူတွေ ရှိတယ်၊ စစ်မှုထမ်းမယ့်သူတွေလည်း ရှိပါတယ်ဆိုပြီးတော့ သူတို့ မြို့နယ်အစည်းအဝေးမှာကတည်းက တယောက်တည်း မတ်တတ်ထပြီးတော့ ပြောခဲ့တာတဲ့။ အိမ်တအိမ်မှာဆိုရင်လေ သားရော၊ သမက်ရော ပါလို့ဆိုပြီး အမေကလေ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုး ဘေးကဝိုင်းဆွဲတော့ ဘေးက အုတ်နံရံကို ခေါင်းနဲ့ ဆောင့်လို အခု ဆေးရုံတင်ထားရတယ်၊ သားနဲ့ သမက်ကတော့ ထွက်ပြေးသွားပြီပေါ့။”

နာမည်စာရင်းမှာ ပါဝင်တဲ့ လူငယ် ဆယ်ယောက်မှာ နှစ်ယောက်ကတော့ ခေါ်ဆောင်ခံရပြီး ကျန် ရှစ်ယောက်တော့ အိုးပစ်အိမ်ပစ်နဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် မတ် ၂၀ ရက်လည်း ဒေါပုံမြို့နယ်မှာ မြေးဖြစ်သူနာမည် စစ်မှုထမ်းစာရင်းထဲ ပါဝင်ခဲ့လို့ အဘွားက တံတားပေါ်က ခုန်ချပြီး အဆုံးစီရင်ခဲ့ပါသေးတယ်။

မတ် ၁၈ ရက်တုန်းကတော့ သန်လျင်မြို့နယ်ထဲ စစ်မှုထမ်းစာရင်း မဲနှိုက်ရာမှာ တအိမ်တည်း လူငယ် သုံးယောက် ပါဝင်ခဲ့လို့ ဖခင်ဖြစ်သူက အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲပြီး တမိသားစုလုံး ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်သာယာမြို့နယ်က လူငယ်တယောက်ရဲ့ မိခင်ကတော့ သားဖြစ်သူကို စစ်မှုထမ်းမယ့်အထဲ မပါဝင်စေချင်တဲ့အတွက် တော်လှန်ရေးအဖွဲ့ထဲ ပို့ထားကြောင်း ပြောပါတယ်။

“ကလေးတွေကတော့ ထိုင်းဘက် လာလို့မရတော့ စစ်မှုလည်း မထမ်းချင်တော့ တောဘက်ပဲ ပို့လိုက်တယ်။ ပထမက အစ်မတို့ မိသားစုလိုက် ထိုင်းဘက်ထွက်ဖို့ စီစဉ်နေတာ။ အခုက အရမ်းလည်းကျပ်တော့ သားကို တောထဲပဲ ပို့လိုက်တယ်။ သူ့အစ်ကိုဝမ်းကွဲတွေ ရှိတဲ့ဘက်ကို၊ ရှင်ကွဲပေါ့။ စိတ်ပူတာက ပူရတာပါပဲ၊ စစ်တပ်ထဲ ဝင်တာထက် ကိုယ့်တော်လှန်ရေးဘက်ထဲ ရောက်သွားတာကိုပဲ ဖြေရမှာပေါ့။ အဆင်ပြေတယ်လို့တော့ မဟုတ်ဘူးပေါ့၊ အများနည်းတူ ဘေးကြပ်နံကြပ်ပါပဲ။”

အလားတူဖြစ်ရပ်တွေက ရန်ကုန် အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပွားနေတာပါ။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ပြီးနောက် အလျင်အမြန် အကောင်အထည်ဖော်လာတာကြောင့် လူငယ်တွေက တိုင်းပြည်ထဲက ထွက်ပြေးတိမ်းရှောင်မှုတွေကလည်း တိုးပွားလာနေတာ ဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်ရော တရားမဝင်ပါ ထွက်ပြေး တိမ်းရှောင်လာသူက အရင်ထက် နှစ်ဆကျော် တိုးလာပြီး တရားမဝင် ခိုးဝင်မှုတွေကြောင့်လည်း ဖေဖော်ဝါရီနဲ့ မတ် ပထမပတ်အထိ လေးပတ်တာမှာ  လူပေါင်းထောင်ချီ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သူတိုင်းက စစ်ကောင်စီနဲ့ မပူးပေါင်းလိုသူတွေ ဖြစ်တဲ့အတွက် အချင်းချင်း ရိုင်းပင်းကူညီပေးကြဖို့ကို ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။

“ပြည်တွင်းမှာရှိနေတဲ့ ပြည်သူတွေ မြို့ပြမှာ ရှိနေတဲ့ ပြည်သူတွေအနေနဲ့  အခုအခြေအနေနဲ့ ပတ်သက်ပြီးတော့ ငုံ့မခံဘဲ တုံ့ပြန်ရမယ့်အချိန်ကို ရောက်လာပါပြီ။ တော်လှန်ရေးက အိမ်တိုင်း အိမ်တိုင်းရဲ့ တံခါးကို လာခေါက်နေပါပြီ။ စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းရေးမှာ မပူးပေါင်းဘဲနဲ့ ငုံ့မခံဘဲနဲ့ နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်ဖို့လိုပါတယ်။ အဲဒီလို တုံ့ပြန်တဲ့အခါမှာလည်း ကိုယ် တုံ့ပြန်တဲ့ နည်းလမ်းနဲ့ မတူတဲ့အခါမှာ အမုန်းစကားမပွားဖို့ အချင်းချင်း ရိုင်းပင်းဖို့ ကူညီဖို့ လိုပါတယ်။ ကိုယ်ကတော့ လွတ်မြောက်သွားတယ်၊ တခြားသူကတော့ တခြားနိုင်ငံ နီးစပ်ရာ ကမ္ဘာ့နိုင်ငံတွေကို သွားတဲ့အခါတွေမှာလည်း အချင်းချင်း လမ်းမတူတဲ့အခါမှာ အမုန်းစကားမပွားဖို့ လိုပါမယ်။”

အတင်းအကျပ် စစ်မှုထမ်းစေခိုင်းတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးနေကြရပြီး မိသားစုတွေ သေကွဲ ရှင်ကွဲတွေ ဖြစ်နေတယ်လို့ မိသားစုဝင်တွေနဲ့ ကာယကံရှင်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ ကူညီနေသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား ၅ ဖွဲ့က မတ် ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက အဓမ္မစစ်သားစုဆောင်းမှု လုပ်ရပ်နဲ့ ပတ်သက်ပြီး တိုင်ကြား၊ စုံစမ်းနိုင်ဖို့ မတ် ၃၀ ရက်မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု စတင်ကြောင်း ကြေညာထားပြီး ပြည်သူ့ရင်ခွင် အဖွဲ့အစည်းကလည်း တယ်လီဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကနေတဆင့် တိုင်ကြားသတင်းပေးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013