DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ဝန်ချီစက် ပြိုကျမှုတွင် သေဆုံးမြန်မာလုပ်သားများ လျော်ကြေး ၁၆ သိန်းစီရ 
DVB
·
April 1, 2024
ထိုင်းနိုင်ငံ ဝန်ချီစက် ပြိုကျမှုတွင် သေဆုံးမြန်မာလုပ်သားများ လျော်ကြေး ၁၆ သိန်းစီရ 
Donate to DVB

ထိုင်းအရှေ့ပိုင်း လယောင်းခရိုင်၊ ပလုပ်ဒဲန်းမြို့နယ်၊ ထာ့ဆစ်အုပ်စုထဲမှာ မတ် ၂၉ ရက် ညနေက ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဝန်ချီကရိန်းစက် ပြိုကျမှုကြောင့် မြန်မာအလုပ်သမား ခြောက်ယောက်နဲ့ တရုတ်နိုင်ငံသား အလုပ်သမားကြီးကြပ်သူ တယောက် စုစုပေါင်း ခုနစ်ယောက် သေဆုံးခဲ့ပါတယ်။ 

သေဆုံးခဲ့ရသူတွေအတွက် ကုမ္ပဏီနဲ့ လူမှုဖူလုံရေးဌာန နှစ်ခုပေါင်းပြီး နစ်နာကြေးအဖြစ် တယောက်ကို ဘတ် ၁၆ သိန်းနဲ့  နာရေးကိစ္စ ကုန်ကျစရိတ် တာဝန်ယူပေးဖို့ သဘောတူချက်ရခဲ့ ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့ Worker Assistance Group For Myanmar တာဝန်ခံ ကိုမုန်တိုင်းက DVB ကို ပြောပါတယ်။ 

“အဲဒီနေ့က အခင်းဖြစ်တာတော့ ညနေ ၃ နာရီကျော်ပေါ့၊ အလုပ်သမားတွေဆီကနေ အကြောင်းကြားချက်တော့ ည ၈ နာရီမှရတယ်၊  ချက်ချင်းပဲ ဘန်ကောက်ကနေ လိုက်သွားတယ်၊ အလုပ်သမားတွေဘက်က နစ်နာကြေး သိန်း ၂၀ တောင်းတယ်၊ ထိုင်းသတင်းတွေက ပြောသလို ငါးသန်းတောင်းတာ မဟုတ်ဘူး၊ နားလည်မှုလွဲတာ၊  တညလုံး ညှိနှိုင်းပြီး မနက် ၁ နာရီမှာ ကုမ္ပဏီနဲ့ ပကန်ဆန်ခုံး (လူမှုဖူလုံရေး ) နှစ်ဖွဲ့ ပေါင်းပြီး ၁၆ သိန်းပေးဖို့ သဘောတူတယ်။ ကနဦးအနေနဲ့ ဘတ်ငါးသိန်း ပေးထားပြီး ကျန်တဲ့ ၁၁ သိန်းကို လာမယ့် ၃ လအတွင်း အပြီးပေးမယ်၊ နာရေးကိစ္စအဝဝအတွက် အလုပ်ရှင်ဘက်က အကုန်တာဝန်ယူပြီး လူမှုဖူလုံရေးက ငါးသောင်းထုတ်ပေးမယ်လို့ သဘောတူခဲ့တယ်၊  အသုဘကိစ္စ ဒီနေ့တိုင်ပင်ဖို့ရှိတယ် ခင်ဗျ။”

သေဆုံးသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား လူငယ်လူရွယ်တွေဖြစ်ပြီး  ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်ရသူတော့မရှိကြောင်း။ အဲဒီညက ညှိနှိုင်းတဲ့ထဲမှာ ကုမ္ပဏီ၊ ခရိုင်ဝန်ရုံး၊ အလုပ်သမားကာကွယ်ရေးရုံး၊ လူမှုဖူလုံရေး၊ နယ်မြေခံရဲ၊ အလုပ်သမား အဖွဲ့အစည်း စသဖြင့် စုစုပေါင်း ၁၁ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့တယ်၊ အလုပ်သမားဘက်ကလည်း ကျေနပ်တယ်လို့ ကိုမုန်တိုင်းက ဆက်ပြောပါတယ်။ 

နောက်နေ့ မတ် ၃၀  မနက် ၉ နာရီလောက်မှာ အလုပ်သမားတွေက ပုံမှန်အလုပ်ပြန်ဆင်းဖို့  ကား သုံးစီးနဲ့ လုပ်ငန်းခွင်ရှေ့ရောက်လာတော့ အလုပ်ကြီးကြပ်တဲ့ တရုတ်နှစ်ယောက်က အဝင်မခံတဲ့အပြင် အလုပ်သမားတွေကို ကားမောင်းပြီး လာပို့တဲ့ မြန်မာလုပ်သား သုံးယောက်ကို အလုပ်ထုတ်တယ်၊ ဒါကြောင့် အလုပ်သမားတွေ ရာနဲ့ချီဆန္ဒပြပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

တရုတ်အလုပ်ကြပ်နှစ်ယောက်ဟာ လူအုပ်ကြီးကို ရှောင်တဲ့အနေနဲ့ ထိုင်းသတင်းထောက် ကားပေါ်တက်သွားတယ်၊ လူအုပ်ကြီးကလည်း အဲဒီကားကို ခဲတွေနဲ့လိုက်ပေါက်တာကြောင့် ကားမှန်တွေကွဲကုန်တယ်၊ သတင်းထောက် ကားကို တမင်ရည်ရွယ်ဖျက်ဆီးတာ မဟုတ်ကြောင်း အလုပ်သမားတွေဘက်က ဝန်ချတောင်းပန်ပြီးပြီလို့ ကိုမုန်တိုင်းက ပြောပါတယ်။ 

3 plus news ထိုင်းသတင်းမှာတော့ သတင်းထောက်ကား ဖျက်ဆီးခံရတဲ့အတွက် သတင်းဌာနက ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ 

အလုပ်သမားတွေဟာ အလုပ်ကြပ်ကို မကျေနပ်လို့ ဆန္ဒပြရာကနေ ယခင်က အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ အကြောင်းတွေပါ ဖွင့်ဟပြောဆိုကြတယ်။ အဲဒီမနက်က ကရိန်း ကျိုးကျတဲ့အမှု နောက်ဆက်တွဲဖြေရှင်းဖို့ တာဝန်ရှိသူတွေကလည်း အဲဒီကို ရောက်လာကြတယ်။

အလုပ်သမားတွေဟာ လူမှုရေးအာမခံကြေး လစဉ်အဖြတ်ခံရပေမဲ့ နေမကောင်းတဲ့အခါ ဆေးဖိုးဝါးခ ကိုယ့်ဘာသာကိုယ် ရှင်းရတယ်။ ပတ်စပို့စ်စာအုပ်တွေလည်း အလုပ်ရှင်က သိမ်းထားတယ်၊ လွန်ခဲ့တဲ့နှစ်လကျော်က မြန်မာအလုပ်သမားတယောက် လုပ်ငန်းခွင်မှာ ဓာတ်လိုက်ပြီး သေဆုံးသွားတာကို  ဘယ်သူမှမပေါက်ကြားစေဘဲ အလောင်းကို ခြံထဲမှာ မြှုပ်ပစ်တယ်၊ သူ့မိန်းမနဲ့ ကလေးတွေကို လျော်ကြေး ၅ သောင်းပေးမယ်ပြောပြီး မြန်မာပြည် ပြန်ခိုင်းလိုက်တယ်၊ အခုထိ လျော်ကြေးအကုန်မပေးဘူး စတဲ့ကိစ္စတွေပါ တိုင်တန်းပြောဆိုခဲ့ပါတယ်။ 

သက်ဆိုင်ရာတာဝန်ရှိသူတွေက လူမှုဖူလုံရေးစာရင်းတွေ နှစ်ပတ်အတွင်း ပြန်စစ်ဆေးပြီး ခံစားခွင့်ရအောင် လုပ်ပေးမယ်၊ ပတ်စ်ပို့ အသိမ်းခံရတဲ့ကိစ္စ၊ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား သုံးယောက်ကိစ္စနဲ့ အလောင်း‌ဖျောက်တဲ့ ကိစ္စတွေပါ ဆက်လက်စစ်ဆေးအရေးယူသွားမယ်လို့ ပြောသွားပါတယ်။ 

Source/Photo -Khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013