
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာ စက်တင်ဘာ ၂၁ ရက်က ဆန္ဒပြသူရာပေါင်းများစွာဟာ လက်ရှိ သမ္မတရဲ့ ဖခင်ဖြစ်သူ သမ္မတဟောင်း အာဏာရှင် ဖာဒီနန် မားကို့စ် စီနီယာရဲ့ အုပ်ချုပ်မှုကို စတင်စေခဲ့တဲ့ ၁၉၇၂ ခုနှစ်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့နေ့ရဲ့ နှစ်ပတ်လည်နေ့မှာ ချီတက် ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ‘စစ်အုပ်ချုပ်ရေးကို နောက်ထပ်ဘယ်တော့မှ လက်မခံ’ ဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး မနီလာမြို့လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဖခင်မားကို့စ်ဟာ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်မှာ အရေးပေါ်အာဏာကိုရယူခဲ့ပြီး၊ အဲဒီကာလ ကို ဖိလစ်ပိုင်သမိုင်းမှာ အမှောင်မိုက်ဆုံးကာလတွေထဲကတခုအဖြစ် လူအများက မှတ်သားထား ကြပါတယ်။
၁၄ နှစ်အကြာမှာတော့ ပြည်သူလူထုရဲ့ အုံကြွမှုကြောင့် သူဟာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။
ဒီဆန္ဒပြပွဲဟာ အာဏာပိုင်တွေအတွက် သတိပေးချက်တခုပါပဲလို့ တက်ကြွလှုပ်ရှားသူ တက်ဒီ ကာစီနိုက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ နောက်ဆုံးမှာ ပြန်ပြီးတုံ့ပြန် တိုက်ပွဲဝင်လာကြလိမ့်မယ်လို့လည်း ထပ်ပြော ခဲ့ပါတယ်။
အစိုးရအဖွဲ့အစည်းအတွင်းဆက်ဖြစ်နေတဲ့ အဂတိလိုက်စားမှုတွေနဲ့ ကျယ်ပြန့်နေတဲ့ အာဏာ အလွဲသုံးစားလုပ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေးတောင်းဆိုဖို့လည်း ဒီဆန္ဒပြပွဲကိုဆင်နွှဲတာလို့ တက်ကြွလှုပ်ရှားသူနဲ့ ဘာယန် အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး မုံ ပါလာ့တီနိုက ပြောခဲ့ပါတယ်။
Source:Reuters











