DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်၊ ဩစတြေးလျ၊ ဖိလစ်ပိုင်တို့နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန် ဂျပန်နှင့် အမေရိကန် စီစဉ်
DVB
·
March 31, 2024
ဗြိတိန်၊ ဩစတြေးလျ၊ ဖိလစ်ပိုင်တို့နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန် ဂျပန်နှင့် အမေရိကန် စီစဉ်
Donate to DVB

ဂျပန်နဲ့ အမေရိကန်တို့ဟာ တရုတ်ရဲ့ ခိုင်မာတဲ့ စစ်ရေးအနေအထားကိုတန်ပြန်ဖို့ ဗြိတိန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်တို့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဖို့ စီစဉ်နေတယ်လို့  အစိုးရသတင်းရင်းမြစ်တွေက မတ်လ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။

ပိုနီးကပ်တဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုအောက်မှာ နိုင်ငံ ငါးနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း ပူးတွဲစစ်ရေးလေ့ကျင့်တာတွေ ပိုတိုးလုပ်ရင်း ကာကွယ်ရေး နည်းပညာတွေ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မိတ်ဖက်သစ်ကို အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ ဧပြီ ၁၀ ရက်မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးအတွင်း ဂျပန်ဝန်ကြီးချုပ် ဖှုမိအို ခိရှိဒါ့နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ တွေ့ဆုံချိန်မှာ သဘောတူနိုင်လောက်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ 

မကြာသေးမီနှစ်တွေအတွင်း ဗြိတိန်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ သူ့ရဲ့ ထိတွေ့ဆက်ဆံမှုကို အားကောင်းစေပြီး ၂၀၂၅ ခုနှစ်မှာ ဒီဒေသကို လေယာဉ်တင် သင်္ဘောပါတဲ့ ရေတပ်သင်္ဘောအုပ်စု ဖြန့်ကြက်တာဝန်ချဖို့ စီစဉ်ထားပါတယ်။

ဂျပန်၊ အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း ဂျပန်ပင်လယ်အနားမှာ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ ဆွေးနွေးမယ်လို့ မျှော်လင့်ထားပါတယ်။ ဩစတြေးလျ၊ ဂျပန်နဲ့ အမေရိကန်တို့ဟာ နှစ်နိုင်ငံ ဆွေးနွေးပွဲအတွင်း အပြန်အလှန် ထိန်းကျောင်းနိုင်ရေးနဲ့ ကာကွယ်ရေး နည်းပညာတွေကို ချောချောမွေ့မွေ့ လွှဲပြောင်းရေး အစီအစဉ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ 

ခိရှိဒါနဲ့ ဘိုင်ဒန်တို့ဟာ ထိပ်သီးအစည်းအဝေးအတွင်း ရေငုပ်သင်္ဘောနှိမ်နင်းရေး စစ်ပွဲနဲ့ စက်ရုပ်တွေ အပါအဝင် AUKUS လုံခြုံရေးမိတ်ဖက်အဖွဲ့နဲ့ ဂျပန်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆွေးနွေးနိုင်မှာပါ။ 

ဝါရှင်တန် ခရီးစဉ်အတွင်း ခိရှိဒါ၊ ဘိုင်ဒန်နဲ့ ဖိလစ်ပိုင်သမ္မတ ဖှာဒီနန် မားကို့စ် ဂျူနီယာတို့ဟာ ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမြှင့်တင်ဖို့ သုံးလမ်းသွား ထိပ်သီးဆွေးနွေးပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ 

ပူးတွဲစစ်ရေး လေ့ကျင့်မှု တိုးချဲ့ရေးအပြင် ဖိလစ်ပိုင်အတွက် ဂျပန်ရဲ့ ကာကွယ်ရေး အကူအညီတွေကိုလည်း ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ 

ဂျပန်နိုင်ငံ ရေတပ်ဟာ အမေရိကန်၊ ဖိလစ်ပိုင်တို့နဲ့အတူ တောင်တရုတ်ပင်လယ်အတွင်း ပထမဆုံး အနေနဲ့ အခုနှစ်အတွင်း ပူးတွဲရေတပ်ကင်းလှည့်ကြဖို့ စီစဉ်ထားတယ်လို့ အမေရိကန်မီဒီယာ ပေါ်လစ်တစ်ကိုက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

သုံးနိုင်ငံ ခေါင်းဆောင်တွေဟာ သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးမှာ ပူးတွဲ ကင်းလှည့်မှုဆိုင်ရာ သဘောတူညီချက်တရပ်ကို ရနိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ စစ်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ဖို့ အမေရိကန်ရဲ့ တခြားမဟာမိတ် သုံးနိုင်ငံနဲ့ ပိုမိုခိုင်မာတဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ဆောင်ကြဉ်းနိုင်ဖို့ ဂျပန်နိုင်ငံက မျှော်လင့်ထားတာပါ။ ဒါပေမယ့် စစ်ရေးမဟာမိတ်ဖွဲ့တာကို အမြန် အားကောင်းလာအောင် ကြိုးပမ်းနေတာတွေဟာ တရုတ်နိုင်ငံကို နှိုးဆွသလို ဒေသတွင်း သဘောထားကွဲလွဲမှုနဲ့ မတည်မငြိမ်မှုတွေကိုလည်း ဖြစ်စေနိုင်နေပါတယ်။

ဒါဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ တင်းမာတဲ့ အပြုအမူကို တန်ပြန်ဖို့ ရည်ရွယ်ထားတာပါ။ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ ဖိလစ်ပိုင် သင်္ဘောတွေနဲ့ တိုက်မိပြီး ဖိလစ်ပိုင် သင်္ဘောသားတွေကို ရေအမြောက်တွေ မီးသတ်ပိုက်တွေနဲ့ ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တာလိုမျိုး အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေကို တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက ပိုလုပ်လာနေပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာဟာ သူ့ရှေ့က သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ တရုတ်နိုင်ငံအပေါ် မှီခိုနေတဲ့ သံတမန်ရေးမူဝါဒကို ပြောင်းပြန်လှန်ပြီး ဂျပန်၊ အမေရိကန် တို့နဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ ကြိုးပမ်းနေပါတယ်။

Source/Photo-KIMIMASA MAYAMA/Pool via REUTERS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013