
အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးဖို့နဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြန်မာစစ်အာဏာရှင်ကို ဩစတြေးလျနိုင်ငံက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ ပြောင်းရွှေ့ပြီး ဆက်လက်အကျဉ်းချထားတဲ့ သတင်းတွေကို ကြားသိရကြောင်းနဲ့ သူ့ရဲ့မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးဖို့၊ သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပြုဖို့နဲ့ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေဖို့ မျှော်လင့်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက မတ် ၆ ရက် ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းကြည်ကို ခြွင်းချက်မရှိလွှတ်ပေဖို့နဲ့ မတရားသဖြင့် ထိန်းသိမ်းထားသူ အားလုံးလည်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆို လိုက်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှုအကူအညီ ဘေးကင်းလုံခြုံစွာ အဟန့်အတားမရှိ လက်လှမ်းမီစေဖို့နဲ့ သက်ဆိုင်သူတွေအကြား အားလုံးပါဝင်တဲ့ ဆွေးနွေမှုတွေ လုပ်ဆောင်ဖို့လည်း ဩစတြေးလျက ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။
နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုတွေကို သူ့ရဲ့သားငယ် ကင်မ်အဲရစ်က ဦးဆောင်ပြီး ကမ္ဘာအနှံ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတပုံကို ကဆုန်လပြည့်နေ့က ထုတ်ပြခဲ့ပေမဲ့ ပြည်သူတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။










