
တရုတ်စမတ်ဖုန်းကုမ္ပဏီ ရှောင်းမီက ဂျာမန် Porsche ကားပုံစံနဲ့ဆင်ပြီး တက်စလာရဲ့ Model 3 ကားထက် စျေးသက်သာတဲ့ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကစတဲ့ ပြိုင်ကားစတိုင် လျှပ်စစ်ကားသစ်ကို စတင်ရောင်းချလိုက်ပါတယ်။
SU7 လို့ အမည်ပေးထားတဲ့ ရှောင်းမီကားရဲ့ ပုံမှန် Standard Version က ယွမ် ၂၁၅,၉၀၀ (ဒေါ်လာ ၃၀,၀၀၀ နီးပါး) ကျသင့်မှာဖြစ်ပြီး Pro နဲ့ Max ဗားရှင်းတွေကတော့ ယွမ် ၂၅၀,၀၀၀ နဲ့ ၃၀၀,၀၀၀ စီ အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။
ရှောင်းမီ စီးအီးအိုနဲ့ တည်ထောင်သူ လေကျွမ်းက “Model 3 ထက် ယွမ် ၃၀,၀၀၀ လောက် သက်သာပါတယ်” လို့ Tesla ကားရဲ့ တရုတ်ပြည်ရောင်းစျေးနဲ့ ယှဉ်ပြီး ပြောသွားပါတယ်။
SU7 ကို Porsche ကားတွေနဲ့ စွမ်းဆောင်ရည်ပါ ယှဉ်ပြသွားပြီး ဘက်ထရီအား ပိုခံတာလိုမျိုး အချက်တွေကို ထည့်ပြောသွားပါတယ်။
Tesla Model 3 က ၅၆၇ ကီလိုမီတာပဲ ရတဲ့အချိန်မှာ ရှောင်းမီကားက ကီလို ၇၀၀ တောင် ရတယ်လို့ ဆိုပါတယ်။
Speed Ultra 7 ရဲ့ အတိုကောက်အဖြစ် SU7 လို့ အမည်ပေးထားတဲ့ ကားကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုအခါမှာ စတင်ရောင်းချပြီ ဖြစ်ပါတယ်။
ရှောင်းမီဟာ နိုင်ငံပိုင် ကားကုမ္ပဏီ BAIC နဲ့ ထုတ်လုပ်မှုပိုင်း ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။
အမှာစကောက်တဲ့ ၂၇ မိနစ်အတွင်း အစီးရေ ၅၀,၀၀၀ ရောင်းကုန်သွားတယ်လို့လည်း ဆိုပါတယ်။
Standard နဲ့ Max မိုဒယ်တွေကို ဧပြီလနှောင်းပိုင်းမှာ စတင်ဖြန့်ချိသွားမှာဖြစ်ပြီး Pro မိုဒယ်ကိုတော့ မေလကုန်မှာ စရောင်းမှာဖြစ်ပါတယ်။
Source/Photo-Reuters










