DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းရန် စစ်ကောင်စီအလုပ်သမားဝန်ကြီး ဝါဒဖြန့် စည်းရုံး
DVB
·
March 25, 2024
စစ်မှုထမ်းရန် စစ်ကောင်စီအလုပ်သမားဝန်ကြီး ဝါဒဖြန့် စည်းရုံး
Donate to DVB

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ကျရာအခန်းကဏ္ဍကနေ တတပ်တအား ပါဝင်ဆောင်ရွက်ကြဖို့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က အလုပ်သမားရုံး အရာရှိတွေကို တိုက်တွန်းပြောကြားပါတယ်။

ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနဲ့ စပ်လျဉ်းပြီး လူမှုကွန်ရက်တွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို အမှန်လို့ မယူဆဘဲ လက်တွေ့ကျကျ လေ့လာသုံးသပ်ကာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးတာနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့၊ နိုင်ငံ့အရေးမှာ မိမိတို့ကျရာ အခန်းကဏ္ဍမှ တတပ်တအား ပါဝင်ဆောင်ရွက်သွားကြဖို့ စစ်တပ်အရာရှိဟောင်းလည်းဖြစ်တဲ့ ဦးမြင့်နောင်က အလုပ်သမားဝန်ကြီးဌာန အရာထမ်းအမှုထမ်းတွေကို မှာကြားခဲ့တာလို့ အဲဒီဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်း ကောက်ယူတာ၊ လူရွေးတာတွေ လုပ်နေတာကြောင့် အလုပ်သမားတွေကြား စိုးရိမ်နေချိန်မှာ ပြည်သူ့စစ်မူထမ်းဥပဒေအကြောင်း သိကောင်းစရာခေါင်းစဥ်နဲ့ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ပြီး အဲဒီလုပ်ငန်းစဥ်မှာပါဝင်ဖို့ ဆွဲဆောင်စည်းရုံးခဲ့တာပါ။

အလုပ်သမားဝန်ကြီးဌာန Non CDM အရာရှိတဦးက “အလုပ်သမားတွေရဲ့ ပူပန်သံတွေ ကိုယ်တွေလည်း ကြားနေရတာပဲ။ ဖြစ်လာရင် ဘာမှ မတတ်နိုင်တဲ့ အခြေအနေဖြစ်နေတာ” လို့  ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း​တွေကို ခေါ်ယူရာမှာ အမျိုးသမီးတွေကို လက်တလော ခေါ်ယူဖို့ မရှိသေးဘဲ အမျိုးသားဦးရေ ၆ သန်းကျော်မှ ၁ ရာခိုင်နှုန်း ဖြစ်တဲ့ ၆၀,၀၀၀ လောက်ကိုပဲ ခေါ်ယူမယ်ဆိုပြီး စစ်ကောင်စီရဲ့အာဘော်အတိုင်း ဦးမြင့်နောင်က ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဆောင်တာကြောင့် နိုင်ငံကို ကာကွယ်နိုင်တဲ့ အသိပညာ၊ အတတ်ပညာတွေ တတ်မြောက်​စေတာ၊ အဖွဲ့အစည်းနဲ့ လုပ်တတ်ကိုင်တတ်တဲ့ စိတ်ဓာတ်တွေရရှိ​စေတာ၊ နိုင်ငံချစ်စိတ်ရှိသူ အချင်းချင်း၊ မိတ်ဆွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်​စေတာ၊ စည်းကမ်းလိုက်နာခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မယ်ဆိုပြီး သူက ဝါဒဖြန့် စည်းရုံးပြောကြားခဲ့ပါသေးတယ်။

ဒါပေမဲ့ မြေပြင်မှာတော့ လူငယ်တွေအနေနဲ့ စစ်မှုထမ်းလိုစိတ်မရှိဘဲ စက်ရုံတချို့မှာ အလုပ်သမားတွေ အလုပ်ထွက်တာတွေရှိနေပြီး လုပ်ငန်းခွင် မတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတဦးက “လုပ်ငန်းခွင်အခြေအနေတွေက ပိုဆိုးလာနိုင်စရာ ရှိတယ်။ လုပ်သားမတည်ငြိမ်တော့ လုပ်ငန်းရှင်တွေလည်း မျက်ခုံးလှုပ်နေကြပြီ” လို့ ပြောပါတယ်။

အဲဒီလို လုပ်ငန်းခွင်အတွင်း စိုးရိမ်မူတွေနဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့တော့ ဘယ်လို စီစဥ်ဆောင်ရွက်မယ်ဆိုတာကို စစ်ကောင်စီအလုပ်သမားဝန်ကြီးက အသိပေး ရှင်းလင်းပြောကြားတာ မရှိခဲ့ဘူးလို့ အဲဒီဆွေးနွေးပွဲတက်ရောက်ခဲ့သူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013