DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေသည့် မြို့နယ် ၁၇၀ ကျော်ရှိလာ
DVB
·
March 25, 2024
နိုင်ငံတဝန်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေသည့် မြို့နယ် ၁၇၀ ကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ စတင်အကောင်အထည်ဖော်နေတဲ့ မြို့နယ်ပေါင်း ၁၇၀ ကျော်အထိ ရှိလာတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာနေတာကို တွေ့ရပြီး မတ် ၂၂ ရက်နေ့အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ မြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာ၊ စစ်မှုထမ်း အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တာတွေ စတင်လုပ်ဆောင်နေတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

လူဦးရေများတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်ကောင်စီထဲက မြို့နယ်အများစုနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တွေမှာလည်း စတင်အကောင်အထည်ဖော်နေတယ် လို့ ဆိုပါတယ်။ 

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက မြို့နယ်တချို့မှာတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ နီးစပ်ရာ ကျေးရွာကိုသာ ဦးစားပေး လုပ်ဆောင်နေတာကို တွေ့ရပြီး စစ်မှုထမ်းဥပဒေအတွက် နည်းဥပဒေ ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအတွက် စာရင်းဇယားတွေကို  တိတိကျကျ ကောက်ဖို့ စစ်ကောင်စီခန့် ဝန်ကြီးတွေ၊ ရပ်ကွက်ကျေးရွာအဆင့်အထိ အုပ်ချုပ်ရေးမှူးတွေအထိ အဆင့်ဆင့် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

နအဖစစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာကြောင့် လူငယ်တွေနဲ့ မိဘတွေဟာ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေကြောင့် စိုးရိမ်ပူပန်နေကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မြေပြင်မှာ သန်းခေါင်စာရင်း ကောက်ယူတာအပြင် လူငယ်တွေရဲ့ သတင်းအချက်အလက်တွေကိုပါ ရွေးကောက်ပွဲ အကြောင်းပြချက်နဲ့ အာဏာသိမ်းပြီးကတည်းက စုဆောင်းခဲ့တာပါ။

စစ်မှုထမ်းဥပဒေအရ အရပ်ဘက်ဆိုင်ရာ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အသက်အရွယ်ရှိသူတွေ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသိပညာ အတတ်ပညာ တခုခု တတ်မြောက်ကျွမ်းကျင်သူတွေလို့ သတ်မှတ်ထားတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် တခြား အတတ်ပညာ တရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်က နေ ၄၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။

သာမန်လူတွေအတွက် စစ်မှုထမ်းရမယ့်အချိန်ကို ၂ နှစ် သတ်မှတ်ထားပေမဲ့ ကျွမ်းကျင်အဆင့် ဆိုရင်တော့ နိုင်ငံအရေးပေါ်အခြေအနေဆိုရင် ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တရားဝင်မှုမရှိသလို ပြည်သူလူထုတွေအနေနဲ့လည်း  လုံးဝ လိုက်နာစရာ မလိုတဲ့အကြောင်း ကြေညာထားသလို ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တရားမဝင် စစ်ကောင်စီရဲ့ လုပ်ရပ်အားလုံးကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ တိုက်တွန်းထားကာ သက်ဆိုင်ရာကဏ္ဍတွေကနေ တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီး အဓမ္မ စစ်သား စုဆောင်းနေတာကြောင့်  လူငယ်လူရွယ်တွေဟာ  နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေတာဖြစ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေနဲ့ ပြည်ပ လေယာဉ်ခရီးစဉ် ကြိုတင်ဘိုကင်လုပ်သူတွေလည်း  များပြားလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013