DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ ဖိအားကြောင့် သံတွဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်
DVB
·
March 20, 2024
စစ်မှုထမ်းဥပဒေ ဖိအားကြောင့် သံတွဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဖွဲ့စည်းပေးဖို့ ဖိအားပေးလာတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ မတ် ၁၈ ရက်က နုတ်ထွက်စာ အသီးသီး တင်လိုက်ကြတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်မှုထမ်းဖို့ လူငယ်တွေကို စာရင်းကောက်ယူဖို့ ဖိအားပေးလာတဲ့အတွက် နုတ်ထွက်စာတင်ကြတာလို့ သံတွဲမြို့နယ်က အမည်မဖော်လိုတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

“သံတွဲဘက်မှာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက် ကျေးရွာအုပ်စုတခုက လူငယ်နှစ်ဦးစီကို စစ်သင်တန်းတက်ခိုင်းရမယ်လို့ ဖိအားပေး ပြောဆိုတာရှိတယ်။ တဖက်မှာ ပြည်သူတွေဘက်ကလည်း သားသမီးတွေ၊ လင်ယောကျ်ားတွေကို စစ်မှုထမ်းခိုင်းမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေကို အမြင်မကြည်ကြဘဲ မျက်မုန်းကျိုးလာကြတာတွေ ရှိကြတယ်။ အဲဒါကြောင့် နုတ်ထွက်စာတင်ဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်။”

သံတွဲမြို့နယ်မှာ ကျေးရွာအုပ်စု ၇၂ အုပ်စုရှိပြီး အုပ်ချုပ်ရေးမှူး အားလုံးနီးပါးဟာ မတ် ၁၈ ရက်က သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ နုတ်ထွက်စာတင်လိုက်တာလို့ သိရပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသားတွေကို တရွာနှစ်ဦးကျ စစ်မှုထမ်းရန် ပေးကြဖို့ စေခိုင်းထားသလို ပြည်သူ့စစ်ဖွဲ့ဖို့လည်း အသက် ၁၈ နှစ်ကနေ အသက် ၃၅ အရွယ် အမျိုးသားတွေကို တရွာ ၁၅ ယောက်ကနေ အယောက် ၃၀ အထိ ပေးဖို့ စေခိုင်းထားတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် လူငယ်တွေကို စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေတဲ့အတွက် လူငယ်တချို့ တိမ်းရှောင်နေကြတယ်လို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က လူငယ်တွေကို စစ်မှုထမ်းဖို့နဲ့ ပြည်သူ့စစ်ဖွဲ့စည်းပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စာရင်းကောက်ယူဖို့ ဖိအားပေးနေတာကြောင့် မြို့နယ်အတွင်းက လူငယ်တချို့ တိမ်းရှောင်မှုတွေ ရှိလာကြပြီ။ မိဘတွေကလည်း သားသမီးတွေကို စစ်မှုမထမ်းစေချင်တာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း အမြင်မကြည်မှုတွေ ရှိလာကြတယ်။”

သံတွဲမြို့နယ်မှာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို မတ် ၆ ရက်ကတည်းက ဖွဲ့စည်းလိုက်ကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ၄ လတကြိမ်စီ လူသစ်စုဆောင်းပေးရမယ်ဆိုပြီး အတင်းအကျပ် ဖိအားပေးနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်က မြို့ကိုးမြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေး ပျက်ပြားလာတာကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ်တွေမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေး ဆင့်ခေါ်လာတာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013