DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ အကြမ်းဖက်မှုများရပ်တန့်ရေး ကမ္ဘာက ဝိုင်းဝန်းလုပ်ဆောင်ရန် ကုလလူ့အခွင့်အရေးကောင်စီ၌ တောင်းဆို
DVB
·
March 20, 2024
စစ်တပ်၏ အကြမ်းဖက်မှုများရပ်တန့်ရေး ကမ္ဘာက ဝိုင်းဝန်းလုပ်ဆောင်ရန် ကုလလူ့အခွင့်အရေးကောင်စီ၌ တောင်းဆို
Donate to DVB

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက် ရက်စက်ယုတ်မာမှုတွေ ရပ်တန့်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးယူ ဆောင်ရွက်မှုတွေ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၅၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ခုလိုပြောလိုက်တာဖြစ်ပြီး မြန်မာစစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အရပ်သားတွေကို အကာအကွယ်ပေးဖို့အတွက်လည်း အရေးတကြီး ညှိနှိုင်းဆောင်ရွက်သွားဖို့ တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုဟာ “အလွန်အန္တရာယ်များ” တဲ့ အခြေအနေမှာရှိနေသေးကြောင်းနဲ့ ပြည်ပကနေရရှိတဲ့ ခေတ်မီဆန်းသစ်ပြီး အားကောင်းတဲ့ စစ်လက်နက်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့လည်း တွမ်အန်ဒရူးစ်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ငါးလတာကာလအတွင်း အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ငါးဆတိုးလာခဲ့တဲ့အပြင် နိုင်ငံတဝန်း လူပေါင်း ၂ ဒသမ ၇ သန်းလောက် အိုးမဲ့အိမ် မဲ့ဖြစ်ခဲ့ရပြီး ကလေးသူငယ်ဦးရေ ၆ သန်းအပါအဝင် ၁၈ ဒသမ ၆ သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

တွမ်အန်ဒရူးစ်က “အခု စစ်အုပ်စုက တခါတရံ လမ်းပေါ်ထွက်ပြီး လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းဖို့ အစီအစဉ်တွေ စတင်နေပါပြီ။ ဒါဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ဆန္ဒမရှိတဲ့ လူငယ်တွေကို ပုန်းအောင်းဖို့ ဒါမှမဟုတ် တိုင်းပြည်ကနေ ထွက်ပြေးဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဆိုးဆုံး ထိခိုက်ခံရသူတွေထဲမှာ ရိုဟင်ဂျာတွေလည်း ပါဝင်နေပြီး လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုလှုံဖို့ ရိုဟင်ဂျာ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဒါ့အပြင် တွမ်အန်ဒရူးစ်က စစ်အာဏာရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေသာမက ဒေသတွင်းနဲ့ ကမ္ဘာအနှံ့ကိုပါ သက်ရောက်မှုရှိတယ်လို့လည်း ပြောပါတယ်။

လက်ရှိအချိန်ထိ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ဆက်လက် ထွက်ပြေးနေကြရပြီး စစ်အုပ်စုရဲ့ တိုက်လေယာဉ်တွေက အိမ်နီးချင်းနိုင်ငံတွေရဲ့ လေပိုင် နက်တွေကို ချိုးဖောက်ကာ နယ်စပ်အထိ ကျရောက်မှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုကို အသုံးပြုပြီးတော့ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ တုံ့ပြန်မှုက အလုပ်မဖြစ်ကြောင်းလည်း တွမ်အမ်ဒရူးစ်က သတိပေးထားပြီး စစ်အုပ်စုကို ပစ်မှတ်ထား၊ ပိတ်ဆို့၊ အပြစ်ပေး၊ အရေးယူဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ဒါ့အပြင် ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ်၊ နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းတို့မှာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့အတူ နေရာအနှံ့အပြား ပျံ့နှံ့ဖြစ်ပွားနေတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013