DVB Logo
Home
မြန်မာသတင်း
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဟု ကော်မရှင်ဥက္ကဋ္ဌပြော
DVB
·
September 7, 2014
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဟု ကော်မရှင်ဥက္ကဋ္ဌပြော
Donate to DVB

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီနေ့ ရန်ကုန်မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

[caption id="attachment_64417" align="alignright" width="300"]့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲ[/caption]

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ ဖွဲ့စည်းတဲ့ ပါတီအသစ်တွေဟာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာ ယှဉ်ပြိုင်ရမယ်။ ၃ နေရာ မယှဉ်ပြိုင်ဘူးဆိုရင်တော့ အဲဒီပါတီဟာ ဖျက်သိမ်းခြင်း ခံရမှာဖြစ်ပါတယ်။ အဲဒီတော့ ၂၀၁၀ နောက်ပိုင်းမှာ ပါတီ ၃၇ ဖွဲ့စည်းထားပါတယ်။ ယနေ့ လောလောဆယ်မှာ ပါတီက ၆၇ ပါတီရှိပါတယ်။ ပါတီ ၃၀ တိုးလာတဲ့အခြေအနေ ရှိပါတယ်။ ဒီပါတီ ၃၀ ဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မယှဉ်ပြိုင်ဘူးဆိုရင် ဒီပါတီဟာ ဖျက်သိမ်း ခံရမှာပါ။ အခု ဒီဇင်ဘာထဲမှာ လုပ်ပြီးရင်လည်း သူတို့ဟာ ၂၀၁၅ မှာ အထွေထွေရွေးကောက်ပွဲဝင်ရပါလိမ့် မယ်။ ၂၀၁၅ ရွေးကောက်ပွဲကြီးဟာလည်း နိုဝင်ဘာလလောက်မှာ ဖြစ်ဖို့ ရှိပါတယ်။ ဖြစ်တဲ့အခါကျတော့ ၁ နှစ်အတွင်းမှာ ၂ ခါဝင်ပြိုင်ရမယ့် အခြေအနေဖြစ်ပြီးတော့ သူတို့လည်းပဲ စည်းရုံးရတဲ့အတွက်ကြောင့် ငွေကုန် လူပင်ပန်းဖြစ်မှာ စိုးတဲ့အတွက်ကြောင့် ပါတီအနေနဲ့ လုပ်ဖို့ သင့်မသင် ကျနော့်အနေနဲ့ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။”

ဒါ့အပြင် ဦးတင်အေးက လစ်လပ်မဲဆန္ဒနယ်မြေနဲတဲ့အတွက် တပါတီထဲက စုပြုံပြီးအနိုင်ရ သွားခဲ့ရင်တောင် လွှတ်တော်ထဲမှာ ထိရောက်မှု မရှိနိုင်ဘူး။ နောက်တခုက ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲလုပ်မယ့်အချိန်တို့ ကပ်နေတာကြောင့် ပါတီသစ်တွေအနေနဲ့ ၁ နှစ်အတွင်း ၂ ပွဲ ၀င်ပြိုင်နေရမှာဖြစ်လို့ ငွေကြေးအကုန်အကျ များပြီး အခက်တွေ့နိုင်တယ် စတဲ့ အကြောင်းပြချက်တွေလည်း ထုတ်ပြောခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်က ကော်မရှင်ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီ ၃၅ ခုတို့ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

တွေ့ဆုံပွဲတက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို ကော်မရှင်ဥက္ကဋ္ဌရဲ့ ကြားဖြတ်မလုပ်တော့ဘူးလို့ပြောတဲ့ အကြောင်းပြချက်တွေဟာ ဘယ်လောက် ခိုင်မာမှုရှိလဲလို့ မေးကြည့်တော့ သူက

“အစကတည်းက လုပ်မယ်လို့ ဆုံးဖြတ်ပြီးတော့မှ သူတို့မှာ ဒါတွေကို အခုပြောတဲ့အကြောင်း ပြချက်တွေက စဉ်းစားပြီးသားလို့ ဒီလိုပဲ မြင်ပါတယ်။ အခုပေါ်ပေါက်လာတဲ့ အကြောင်းပြချက်မျိုး မဟုတ်ဘူးလေ။ ၂၀၁၅ ပိုအရေးကြီးတယ်၊ အခုကြောင်းပြချက်တွေက သူတို့အမြင်လို့ပဲ ပြောရမှာပေါ့ဗျာ။ ပါတီတွေဘက်ကလည်း ဘာခံစားနေရလဲဆိုတော့ အချိန်နည်းနည်းလေးနဲ့ ကြားဖြတ်ကို လုပ်မယ်။ နောက်ထုတ်ထားတဲ့ စည်းကမ်းတွေနဲ့ တော်တော် ကသီလင်တ ဖြစ်မယ့် ကိစ္စပါ။ ဒီလိုပြောလိုက်တဲ့အတွက် ကျနော်တို့မှာ ၀န်ပေါ့သွားတဲ့ သဘောပဲ ရှိပါတယ်။”

ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဘူးဆိုတဲ့အပေါ် အန်အယ်ဒီအနေနဲ့ လက်ခံတယ်လို့လည်း ဦးဥာဏ်ဝင်း က ပြောပါတယ်။

ပြည်သူ့ခေတ်ဂျာနယ်အယ်ဒီတာ ဦးမော်လင်းက ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ပြောဆိုလိုက်တဲ့အပေါ် ဘာရည်ရွယ်ချက်နဲ့ လုပ်နေတာလဲဆိုတာ ပြောရခက်တယ်လို့ မှတ်ချက်ပေးပါတယ်။

“နည်းနည်းတော့ ခက်တယ်ဗျ။ ကျနော်သေသေချာချာ ပြောရမှာချက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေက ဘာရည်ရွယ်ချက်နဲ့ ဒီလို လုပ်နေလဲဆိုတာကို မရှင်းဘူး ဖြစ်နေတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ပထမတော့ မလုပ်ဘူးလို့ပြောတယ်။ နောက်တော့ လုပ်မယ်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှာ ကြားဖြတ်ရွေးကောက်ပွဲ ဘာလုပ်ဖို့ လုပ်ဦးမှာလဲ ဆိုတဲ့ဟာမျိုးပြောတယ်၊ အဲဒီတုန်းကလည်း လုပ်မယ်ပေါ့။ အခုကျတော့ မလုပ်ဘူးလို့ ပြောပြန်ပြီ။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ပြောနေတဲ့ဟာတွေက တိုင်းပြည်မှာ ဘာတွေ လိုအပ်ပြီးတော့ ဘာတွေက အရေးကြီးလဲဆိုတဲ့ အစီအစဉ်တွေကို စဉ်းစားပြီးတော့ လုပ်နေတဲ့ပုံ မပေါက်ဘူး။ သူတို့က အခြား ပြဿ နာတွေကို ကောက်သင်းကောက်ပြီးတော့ ဒီ ပြဿ နာပြောရင် ဒီလိုဖြေရှင်း၊ ဟိုပြဿ နာပေါ်လာရင် ဟိုလိုဖြေရှင်းဆိုတဲ့ဟာမျိုးတွေ များနေတယ်။ များနေတော့ နည်းနည်းပြောရခက်တယ်။ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက် အရင်းအမှန်က ဘာလဲဆိုတာ ပြောရခက်တယ်။”

ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်သင့် မလုပ်သင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ လူပုဂိုလ်တွေနဲ့ တိုင်ပင်ပြီး မလုပ်သင့်ဘူးလို့ အဖြေထွက်လို့ မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ဖော်ပြောကြား ထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော တနိုင်ငံလုံးမှာ လစ်လပ်မဲဆန္ဒနေရာ ၃၅နေရာလောက် ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လစ်လပ်မဲဆန္ဒနယ် ၄၅ ခုအနက် အန်အယ်ဒီပါတီက ၄၃ နေရာနဲ့ အပြတ်အသတ်အနိုင်ရခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013