DVB Logo
Home
မြန်မာသတင်း
ပညာရေးဥပဒေကို ကျောင်းသားသမဂ္ဂများ ဆွေးနွေး
DVB
·
September 6, 2014
ပညာရေးဥပဒေကို ကျောင်းသားသမဂ္ဂများ ဆွေးနွေး
Donate to DVB

ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းကွန်ရက် တခုဖြစ်တဲ့ local resource center နဲ့ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတရပ် ရန်ကုန်မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ အမျာအပြားတက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

DSC01066ဆွေးနွေးပွဲမှာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားအမြင်တွေ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) က ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ သူအဓိက ထောက်ပြခဲ့တဲ့ အချက် ၃ ချက်ကိုလည်း သူက ခုလို ပြောပါတယ်။

“အမျိုးသားပညာရေးဥပဒေကို ဆွေးနွေးတဲ့အခါမှာ ကျောင်းသားကိုယ်စာလှယ်တွေ ဆရာ ကိုယ်စားလှယ်တွေ ပါဝင်ခွင့် မရဘူး။ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်မရတဲ့အတွက် တမျိုးသားလုံး နဲ့ ဆိုင်တဲ့ ပညာရေးဥပဒေက ပညာရေးနဲ့ သက်ဆိုင်တဲ့သူတွေရဲ့ အကြံဉာဏ် ပါဝင်ခွင့်မရှိဘူး။ ဒါကြောင့် အများရဲ့ပါဝင်မှုမရှိတဲ့အတွက် ဒီမိုကရေစီစံနှုန်းနဲ့ ကွဲလွဲချက်ရှိတယ်ဆိုတာ ထောက်ပြတယ်။ နောက်တချက်က အမျိုးသားပညာရေးဥပဒေက ဗဟိုချုပ်ကိုင်မှုနဲ့ ဦးစားပေးထားတယ်ဆိုတာ ထောက်ပြတယ်။ ဒါက ဒီမိုကရေစီ နည်းလမ်းမကျတာ။ နောက်တခါက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားကလေးငယ်တွေရဲ့ ဘာသာစကားဆိုင်ရာ အခွင့်အရေးနဲ့ မသန်စွမ်း ကလေးတွေရဲ့ ပညာရေးအခွင့်အရေး အဲဒီ ၂ ချက်ကို ထောက်ပြပါတယ်။ တိုင်းရင်းသားကလေးတွေရဲ့ ဘာသာစကားတွေ ယဉ်ကျေးမှုတွေက လွတ်လပ်စွာ သင်ကြားပိုင်ခွင့်ကို ဥပဒေက ဟန့်တားထားတယ်။ နောက်တချက်က မသန်စွမ်း ကလေးတွေက တခြားကလေးများနဲ့ အတူတကွ သင်ကြားပိုင်ခွင့်မှာ အဟန့်အတားဖြစ်နေတယ်။ အဲဒါက လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာတွေကို လေးစားမှုမရှိဘူးလို့ ကျနော်တို့ ထောက်ပြတာ။ လွတ်လပ်ခွင့်ကတော့ သင်ရိုးညွှန်းတမ်းလွတ်လပ်ခွင့် မရှိဘူး။ နောက် ဘာသာစကားဆိုင်ရာ လွတ်လပ်ခွင့်တွေ မရှိဘူး။ ဆရာတွေရဲ့ လွတ်လပ်စွာ သင်ကြားပိုင်ခွင့် မရှိဘူး။ အထူးသဖြင့် ကျောင်းသားတွေရဲ့ လွတ်လပ်စွာအသင်းဖွဲ့စည်းပိုင်ခွင့်တို့ လွတ်လပ်စွာ စုရုံးပိုင်ခွင့်တို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်တို့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်တို့က ဆရာတွေမှာရော ကျောင်းသားတွေမှာရော လွတ်လပ်ခွင့်တွေ ဆုံးရှုံးတယ်ဆိုတာ ထောက်ပြတာပါ။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ဒီရက်ပိုင်းအတွင်းမှာပဲ ဒေသအနှံ့မှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို သမ္မတဆီ ပေးပို့ထားပြီး သမ္မတက သဘောထားမှတ်ချက်တွေနဲ့ လွှတ်တော်ထံ ပြန်ပို့ထားပါတယ်။

တက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းကတော့ အမျိုးသားပညာရေးဥပဒေကိစ္စ နှစ်ဘက် ညှိနှိုင်ပြီးပြေလည်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ပညာရေးဝန်ကြီးဌာနကလည်း သူတို့ရဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို တက္ကသိုလ်တွေ မှာ ရှင်းပြတာတွေ လိုက်လုပ်နေတယ်။ သူတို့ကလည်း သူတို့ဟာကို အတည်ပြုလို့ရအောင် ကြိုးစားနေကြတယ်။ ကျောင်းသားသမဂ္ဂတွေကလည်း ဗဟိုချုပ်ကိုင်မှုရှိတဲ့အတွက် ကျောင်းသား သမဂ္ဂတွေကို တရားဝင် ဖွဲ့စည်းခွင့်မရဘူး။ အဓိကတော့ မကျေလည်မှုတွေက ဗဟိုချုပ်ကိုင်မှု စနစ်တွေမှာ တွေ့နေရတယ်။ ဒါတွေကို ကျနော်တို့ ညှိနှိုင်းမယ်ဆိုရင် ပြန်ပြေလည် သွားလောက်ပါတယ်။”

လာမယ့် စက်တင်ဘာ ၁၁ ရက်မှာ ပြန်လည်ကျင်းပမယ့်လွှတ်တော်မှာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးအတည်ပြုကြရဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013